မပန်ရလည်းမပန်ချင်

 နှစ်ဆယ်ကျော်သက်ရွယ်ဘဝတုန်းက နေဝင်ဆည်းဆာချိန်အထိ တစ်ခါတလေ RASU ထဲ အချိန်ဖြုန်းဖူးပါတယ်။ ကိုယ့်ဘဝအမော ကိုယ်စီနဲ့ စာပေဝါသနာတူ သူငယ်ချင်း နှစ်ယောက်သုံးယောက်နဲ့ပါ။ ဆံပင်ရှည် အလယ်ခွဲနဲ့။ ပုဆိုး ခြေဖျားသိမ်း၊ ကျော်သူလွယ်အိတ်မှာ ဒန်ထမင်းဘူးကို လက်သုတ်ပုဝါပတ်ချိတ်တဲ့ ဒီဇိုင်းတွေနဲ့ပေါ့။ ကိုယ့်အီကိုဘက်က လျှောက်လာရင် ဘွဲ့နှင်းသဘင်နဲ့ ဓားလွယ်ခုတ် အဓိပတိလမ်းဘက်အထွက်ထောင့်မှာ တရုတ်စကားပင် သုံးလေးပင်။ ဝိဇ္ဇာခန်းမနဲ့ RCဘက်ကိုသွားဖို့ ကော်ရစ်တာနဲ့ မျဥ်းပြိုင်တစ်လျှောက် ကံ့ကော်ပင်မြင့်ကြီးတွေပါ။ ကျား- မသန်းဌေး လက်ညှိုးအရွယ် ဆေးပေါ့လိပ်ကို မိတ်အင်ရွာလွတ် ဓာတ်ဆီမီးခြစ်နဲ့ မီးညှိ ပြီး ကံ့ကော်ပင်အမြင့်ကြီးတွေအောက် အင်္ဂတေခုံတန်းလျားပေါ်မှာ ထိုင်လိုက်၊ လှဲလိုက်။ အဝေးဆုံး အော်လိုက်၊ ချိုမြိန်ဒုက္ခရွတ်လိုက်ပေါ့။ အပြာရောင်မျက်ရည်ရဲ့ ပေါက္ခရဝဿမိုး ဆိုလိုရင်းပြောရင်း ငြင်းရင်း၊ ကိုယ့်ကဗျာ ကိုယ်ရွတ်ကြ။

ကံ့ကော်ပွင့်ချိန်များဆို ခုံတန်းလျားပေါ် ပက်လက်အိပ်လိုက်ရင် ကောင်းကင်ကြီးတစ်ခုလုံးက ကံ့ကော်ကောင်းကင် ပါပဲ။

အခြေအနေတွေကြောင့် အခုတော့ ပက်လက်လန်နေပေမဲ့ ကံ့ကော်ကောင်းကင် မမြင်ရဖြစ်နေတာ။

စာနဲ့ဝေးပြီး မနေရအောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှိုးဆွကြည့်ပါမယ်။

Grade 11 စနစ်သစ်

မထွေးအံ့ဩပါရဲ့ရှင်။ မထွေးနှလုံးသားနုစဥ်က ကိစ္စတွေဟာ မပြီးဆုံးနိုင်ဖြစ်ရလေသလား။ ကိုရင်တို့ လက်ထက်အထိဆိုရင် သက္ကရာဇ်နှစ်ပေါင်း လေးရာကျော်ရော့ပါ့။ မထွေးစဥ်းစားမိတာက ပေရွက်ပေါ် ကညစ်တင်ခဲ့တဲ့ ရတု ရကန် အဲ အဏ် လူးတားတွေဟာ ခံစားချက် စဥ်ဖိတ် ပွင့်လျှံ အန်ထွက်ခဲ့သူ စာဆိုထက် ပိုအသက်ရှည်တယ်နော့။ စာပေမှာ ဇရာမရှိလေရော့သလား။ မရဏမဲ့လေရော့သလား။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အစောလေ ဆိုတဲ့ အာလုပ်သံလေးနဲ့ မထွေး အန်ချင်း ကလေးကို ချီးမြှောက်ရွတ်ဖတ်ခံစားနေကြတုန်းဆိုတော့ မထွေး ကျေးဇူးတင်ပါတယ်နော့။

ကိုရင်တို့ပဲ စဉ်းစားကြည့်ဦး။ ကျေးဇူးတင်ထိုက်တာပေါ့။ မထွေး ကျင်လည်ခဲ့တဲ့ ဇာတိရပ်ရွာ ရေဝေရွာကလေး အစွဲပြုလို့ ရေဝေ-ရှင်ထွေး ဆိုတဲ့ ပညတ်အမည်ကလေးကို ရဝေရှင်ထွေးလို့ “နန်းတော်သူ”ဆိုတဲ့ အမည်လှကလေးဖြစ်အောင်လည်း ကိုရင်တို့ပဲ ချီးမြှောက်ခဲ့တာပါလေ။

တောသူပါကိုရင်ရယ်။ အဖဂုဏ်တင့်လို့ ရေမြင့်ကြာမြင့်ဖြစ်ခဲ့တာက အဖကျေးဇူး‌ပေါ့။တောင်ငူသခင် ရေမြေ့ရှင်ကျေးဇူးလို့လည်း ဆိုလို့ရပါတယ်။ ဒါ့ကြောင့် မထွေး စာဆိုရင်း ကျေးဇူးဆပ်ခဲ့ပါတယ်လေ။

“နရထိပ်တင်၊ တောင်ငူရှင်၏၊ ကျွန်တွင်တစ်ယောက်၊ စံတင်လောက်သည့်၊ ပြိုင်ထောက်မပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမြော်၊ ကြင်ပျော်စလှ၊ ရှင်ထွေးမြ”

“အမတ်ကြီး၏၊ သမီးနှောင်းမွေး၊ ငြိမ့်ဆေးလေးသား၊ ရှင်ထွေးအလှ၊ ချောမြမြ”

စသည်ဖြင့်ပေါ့ရှင်။ အတ္ထုပ္ပတ္တိ နဲ့ လှုပ်ခတ်ကြည့်တာ ဟုတ်ဖူးနော်။ စာဆိုတော့ စာကဗျာ ဝါသနာနဲ့ သူ့ဖာသူ ကာရန်ခြေလျင်လျှောက်သွားတာရယ်။

****

ကိုရင်တို့ နှောင်းလူတွေ ပညာရေးအတွက် မထွေး အဏ်ချင်းကို လေ့လာခံစားဖို့ သတ်မှတ်ပြဋ္ဌာန်းပေးတယ်ဆိုတာတော့ မထွေးသိပ်နားမလည်ဘူးရှင့်။ ပြောပြမယ်နော်။

ခံစားမှုဆိုတာက ရင်နဲ့မမျှဖြစ်လာရင် သူသူကိုယ်ကိုယ် စင်ဖိတ်ပွင့်လျှံ အန်ထွက်တတ်တာပါပဲ။ မထွေး မရွယ်မရည်ဘဲ မမျိုသိပ်နိုင်လို့ အန်ထွက်လာတဲ့ အန်ချင်းစာသားတွေလို့ပဲ နားလည်လိုက်ပါနော်။ ဆက်နွယ် ပတ်သက် စွဲလမ်းခြင်း သမုဒယဖြစ်စဥ်တစ်ခုမို့ ပြန်ပြီး မတူးဖော်ချင်တာ မထွေးဆန္ဒပါ။

ရွှေနန်းတည်မင်း တောင်ငူထီးနန်းရတော့ ကျွန်တော်ရင်းဖြစ်တဲ့ အဖကို ရေဝေရွာစား အမတ်ကြီးအရာ သနားတော်မူတယ်။ ကိုရင်တို့ သိတော်မူတဲ့ အတိုင်း ရေဝေရွာစားအမတ်ရဲ့ နှောင်းမွေးသမီးဖြစ်တဲ့ မထွေးက ဘဝသခင်ရဲ့ ကိုယ်လုပ်တော်အဖြစ် ခစားခွင့်ရတယ်။ အလုပ်အကျွေးပြုခွင့်ရတယ် ဆိုပါတော့။

ဒါပေမဲ့ ….အစွဲအလမ်းတွေနဲ့ နှောင်ဖွဲ့စရာတွေ့တဲ့အခါ အဇ္ဈတ္တစိတ်နဲ့ ဗဟိဒ္ဓသဏ္ဌာန်ဟာ ဒွန်တွဲရင်းကို လွန်ဆွဲခဲ့တာပေါ့။ မထွေးအမှန်ပြောတာ မရှက်ပါဘူး။ ဒါ့ကြောင့် ဒီလိုကလေး တိုးတိုးဆိုမိတာပါ။ အဲဒီတုန်းကပေါ့။

စောလေ- မပန်ရလဲ မပန်ချင်၊ မဏိမလ္လာ၊ ဂန္ဓာနတ်ဖြစ်၊ ပွင့်ဝတ်သစ်ကို၊ မင်းစစ်သမီး၊ ဘုန်းကြီးနတ်ဖန်၊ ငါနှင်းရန်ဟု၊ ပန်‌ပေ၏လေ။ ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

ပန်ခွင့်မပြုဘူးဆိုရင်၊ မပန်ရဘူးဆိုရင်၊ မပန်ချင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် မာန်တင်းနှစ်သိမ့်ရမှာပဲလေ နော့။ မထွေးတွယ်တာမိတဲ့ အရှင်က အဆင်းရနံ့ သင်းပျံ့မွှေးတဲ့ ပွင့်ချပ်သစ် ပွင့်ဖတ်သစ် ဝတ်မှုံသစ် ဝတ်ဆံသစ် မဉ္ဇူသက နတ်ပန်းပါ။ ဂန္ဓာမာဒနတောင် ပတ္တမြားလှိုဏ်ရှေ့က ပန်းမဉ္ဇူပါ။ မထွေးနဲ့ မထိုက်ပါဘူး။ မတန်ပါဘူး။ ရာဇသွေး မင်းသမီးအစစ်နဲ့မှထိုက်တန်မှာပါ။ အတိတ်က ဘုန်း၊ ပစ္စုပ္ပန် က ကံ ကြီးရင့်သူသာ ပန်ပေါ့။ ပန်ထိုက်သူကိုသာ ငါက အပ်နှင်းဆက်သပေးရမှာပါလို့ ဖြေသိမ့်ပါရဲ့ သူငယ်ချင်းတို့ရယ် — — — — — လို့။

စောလေ ။ မကြင်ရလဲ မကြင်ချင်၊ သမင်နှင့်ကျား၊ မြွေနှင့်ဘားသို့၊ ကျောက်သားကြက်ဥ၊ စံတုနိုင်းအင်၊ အရှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ မှန်ပေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

‌လောကစည်းအရ ကြင်နာခွင့် မပြုဘူးဆိုရင်၊ မကြင်ရဘူးဆိုရင် မကြင်နာချင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် မာန်တင်းနှစ်သိမ့်ရမှာပဲလေ နော့။ ဘဝချင်း ယှဥ်ကြည့်တော့ ကိုယ်က သမင်၊ အရှင်က ကျား။ ကိုယ်က ဖား၊ အရှင်က မြွေ၊ ကိုယ်တွေက ကြက်ဥ၊ အရှင်တို့က ကျောက်သား။ စိတ်ကူးနဲ့တောင် မမှောက်မှားရဲအောင် အင်အားခြင်းက ကွာဟ။ ဘုန်းလည်းမတန် ကံလည်းမမျှ။ အရှင်စီမံရာကို ကံစီမံရာလို့ပဲ လက်ခံရတဲ့ ကျေးတော် ကျွန်တော်နှလုံးသားဆိုတာ ရှောင်လွှဲမရတဲ့ အမှန်တရားပါ သူငယ်ချင်းတို့ရယ် — — — — — လို့။

စောလေ ။ မစားရလဲ မစားချင်၊ ရွှေတင်စတေ၊ သီးမှည့်ကျွေသည့်၊ သပြေသီးကို၊ ဘုန်းကြီးနတ်တူ၊ ငါ့ဘို့ဟူ၍၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

‌လောကစည်းကမ်းအရ စားသုံးခွင့် မပြုဘူးဆိုရင်၊ မစားရဘူးဆိုရင် ဘယ်လိုနှစ်သက်နေမိပါစေ၊ မစားချင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် မာန်တင်းနှစ်သိမ့်ရမှာပဲလေ နော့။ အရှင်က ဇမ္ဗူရာဇ်ရွှေစင်ပါ။ ဒီရွှေစင်ကို ဆင်မြန်းထိုက်သူက သပ်သပ်ရှိနေမှာပေါ့။ ဇမ္ဗူ့သပြေ မှည့်ရွှန်းဝေနဲ့တဲ့သစ်သီးကို နတ်နှယ်ဘုန်းကံကြီးရင့်သူက” ငါ့သစ်သီးပါ၊ ငါ့ဖို့ပေါ်ပေါက်လာတာပါ” ဆိုတာကို ယူပေါ့၊ ယူခွင့်ရှိသူမဟုတ်တဲ့ ကိုယ်က ငေးနေရုံပေါ့နော့ သူငယ်ချင်းတို့ရယ် — — — — — လို့။

မချစ်ရလဲ မချစ်ချင်၊ နတ်ရှင်မင်းဖြား၊ တရားကျော်စွာ၊ ဥပရာကို၊ ရှိကြာထိပ်စွန်၊ ပန်းနှယ်ပန်လျက်၊ ကျွန်နှင့်အရှင်၊ ဆိတ်နှင့်ဆင်သို့၊ ခဲအင်ထွေယူ၊ ဘုန်းမတူသည်၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

‌လောကစည်းကမ်းအရ ချစ်ခွင့်ကလေးတောင် ‌မပြုဘူးဆိုရင်၊ မချစ်ရပါဘူးဆိုရင် ဘယ်လိုတွေ ရူးမိုက်ခံစားရစေတော့၊ မချစ်ချင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် မာန်တင်းနှစ်သိမ့်ရမှာပဲလေ နော့။ ဥပရာဇာ နန်းညွန့်ထီးလျာကို လက်ဆယ်ဖြာ ဦးထိပ်ပန်မိုး ရိုကျိုးခစားလျက်ပါ အရှင်။ မထွေးရဲ့ နှလုံးသားပလ္လင်မှာတော့ အရှင်က ထာဝရ စိုးစံမင်းမူနေမဲ့သူပါ။ မတူတဲ့ ဘဝနှစ်ခုကြား ခက်ခက်ခဲခဲ ခဲခဲယဉ်းယဉ်း မည်သို့မျှ အားထုတ်ခွင့်မရှိတဲ့ ဘုန်းမတန် ကံမမျှ ကိုယ့်ဘဝကိုပဲ အားမရဖြစ်မိတာမို့ ထိုက်သူသာ ယူလေပေါ့နော့ သူငယ်ချင်းတို့ရယ် — — — — — လို့။

မသင်ရလည်း မသင်ချင်၊ သင်သူ ရွှေဖြစ်၊ စနစ်သစ်မှာ၊ ဘာသာ စာပေ၊ နှစ်ထွေညီမျှ၊ ပြဋ္ဌာန်းလှ၏၊ သင်ပြသူမှန်၊ သိရင့်သန်စေ၊ ဆုခြွေနေကာ၊ မုဒိတာဖြင့်၊ ပန်းများပွင့်နော်၊ ဘော်ချင်းတို့ရေ… ဘော်ချင်းတို့။

စေတနာဖြူဖြင့်

ကကကက

Comments

Popular posts from this blog

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်