တစ်ပါဒချင်း သင်ကြည့်ပါလား

 အစောလေ အန်ချင်းကဗျာရဲ့ ပါဝင်မြဲဖြစ်တဲ့ အာလုပ်စကားပါ။ မှတ်မလို့လား အချီအချကို။

(က) ယောက်ျားပညာရှိတွေ စပ်ဆိုတာ (ပုလ္လိင် အနက်သက်ဝင်) တာကို အချီ — မင်းချင်းလေ/မင်းချင်းတို့လေ အချ — သူကောင်းဖော်ရွေမင်းချင်းတို့။

(ခ) မိန်းမပညာရှိ‌တွေ စပ်ဆိုတာ (ဣတ္ထိလိင် အနက်သက်ဝင်) တာကို အချီ — အစောလေ/ အစောတို့လေ အချ — သူငယ်ချင်းကောင်းယောက်မတို့။

(ဂ) ယောက်ျားမိန်းမ (နပုလ္လိင် အနက်သက်ဝင်) တာကို အချီ — ဖော်ချင်းလေ/ ဖော်ချင်းတို့လေ အချ — ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ဖော်ချင်းဆွေလေ ဖော်ချင်းတို့။

ဒီကဗျာက တိတ်တခိုးရွတ်မဲ့ မျက်ရည်စက်စကားလုံးတွေမို့ ကိုယ်ရေးကိုယ်တာ။ ဣတ္ထိလိင်အနက်နဲ့ ချီပြီး နပုလ္လိင်အနက်နဲ့ ချ ထားတာဖြစ်မှာပေါ့။ မပန်ရလည်းမပန်ချင် ပန်တယ် ဆိုတာ ဆင်ယင်တာ။ ဦးခေါင်းလို နားလို အများတွေ့မြင်ရာမှာ ဂုဏ်ယူဝံ့ကြွား တန်ဖိုးထားဆင်ယင်တာကို ပန် တယ်လို့ ခေါ်တယ်။ တခြားအနက်ဘက်က ကြည့်ရင်လည်း ဆက်စပ်အနက်ရှိနေတာပဲ။ ပန် ဆိုတာ တောင်းဆိုတာ။ ခွင့်ပန်။ ပန်ကြား။ တောင်းပန် ကြားဖူးရင် ဆက်စပ်တွေး။ “မပန်ရ” ဆိုတာကို လေသံပြင်းရွတ်။ အမိန့်သံ။ မပန်ရဘူးဆိုရင်လဲလေ ဖွဖွရွတ်။ အားမဲ့သံ ရှိုက်သံ။ မပန်ချင်ပါဘူး တဲ့။ စိုးရွံ့နေတာ။ ဆန္ဒမြိုသိပ်ပြီး ကိုယ့်ကိုယ်ကိုယ် တားမြစ်နေတဲ့ဟန်။( မပန်ချင်ဘူး) (မပန်ချင်ဘူး) (မပန်ချင်ဘူး)လို့ ပန်ချင်လွန်းတဲ့ ထက်သန်မှုကို ဖြေဖျောက်ပစ်နေတဲ့ဟန်။ အနက်ပွားက ပန် “တောင်းဆိုခွင့်မရဘူးဆိုရင်လည်း မတောင်းဆိုချင်တော့ပါဘူးရှင်” တဲ့

မဏိမလ္လာဂန္ဓာနတ်ဖြစ်ပွင့်ဝတ်သစ်ကို ဟိမဝန္တာ နန္ဒမူလိုဏ် မှာ ပတ္တမြားဂူ ရွှေဂူ ငွေဂူ ဂူသုံးလုံးရှိသတဲ့။ မဏိ ဆိုတာ ပတ္တမြား။ ပတ္တမြားဂူဝမှာသာလျှင် ပေါက်တဲ့ နတ်ပန်းက မဉ္ဇူသကပန်း။ မလ္လာ ဆိုတာက ပန်းပေါ့။ ဂန္ဓာ ဆိုတာက ဟိမဝန္တာ တောင်စဥ်ကြီးပေါ်က ဂန္ဓမာဒနတောင်။ စောစောကပြောတဲ့ နန္ဒမူလိုဏ် က ဂန္ဓမာဒနတောင်မှာရှိတာ။ ဒါဆို- မဏိမလ္လာ ဂန္ဓာနတ်ဖြစ် ဆိုတာက ဂန္ဓမာဒနတောင် နန္ဒမူပတ္တမြားဂူဝမှာပေါက်တဲ့ မဉ္ဇူသကနတ်ပန်းပေါ့ ကလေးတို့။ ပန်းအဟောင်းကြီး ပန်းအနွမ်းကြီး မဟုတ်ဘူး။ အပွင့်သစ် ဝတ်ဆံသစ်။ အန်ချင်းဖွဲ့သူ ရှင်ထွေးက သူ့နှလုံးသား ပတ္တမြားဂူ နန္ဒမူလိုဏ် မှာ ပွင့်တဲ့ မဉ္ဇူသက ဝတ်ဆံဖူးပွင့်သစ်ဦး နတ်ရှင်နောင်ကိုလို့ သွယ်ပြောလိုက်တယ် ဝိုက်ပြောလိုက်တယ်။ ပြောတတ်လိုက်တာနော်။ “မဏိမလ္လာ ဂန္ဓာနတ်ဖြစ် ပွင့်ဝတ်သစ်ကို” တဲ့။ ဂုဏ်ဘက်က တန်ဖိုးဖြတ်တော့ အကျဥ်းချုံ့ထားတဲ့ မဏိ၊ ဂန္ဓာ၊ နတ်မလ္လာ တွေက ဩဇဂုဏ်။ ဒါ့အပြင် အံ့ချီးမှု အထူးကိုပြတဲ့ ဥဒါရတာဂုဏ် ။ လို့ ဖြတ်ချက်ပေး။ တကယ်တော့ ဂန္ဓမာဒနတောင် ပတ္တမြားဂူ နန္ဒမူလိုဏ်ဝ မဉ္ဇူသကပန်း ဆိုတာက ပစ္စေကဗုဒ္ဓါအရှင်တွေကြွလာရင် ပန်းခြွေလေနွဲ့တဲ့အခါ ပန်းမွေ့ရာ ပန်းပလ္လင်အဖြစ် ကုသိုလ်ယူဖို့ ‌ဝေတဲ့ပန်းတွေပါ။ သူ့ချစ်သူကို ဝင်္ကဝုတ္တိနဲ့ ပီပြင်လွန်းစွာ လွန်ကြူးဖွဲ့လို့ အတိသယဝုတ္တိအလင်္ကာ လည်း အကောက်အယူပြုထားလိုက်နော်။ မင်းစစ်သမီး ရဝေရှင်ထွေးတစ်ယောက် အန်ချင်းဆိုချိန်က ချစ်သူကို လက်လွတ်ဆုံးရှုံးရပြီလို့ တိတိပပခံစားမိချိန် ဖြစ်လောက်တာပေါ့။ နတ်ရှင်နောင်ဆိုတာ ရဲရင့်ထက်မြက်သလောက် ရက်စက်ခက်ထန်တဲ့ မင်းသား။ ဟံသာဝတီကို အလိုပြည့်ပြီးချိန်။ ခမည်းတော်က ‌ကေတုမတီ ရွှေနန်းတည်ပြီးချိန် သက္ကရာဇ် ၉၆၅။ နတ်ရှင်နောင် “ဥပရာဇာ” ဖြစ်ချိန်။ အသက် ၂၅နှစ်။ စာနုကဗျာကိုကြိုက်သလို ဓာတုကလျာကို ခိုက်တဲ့ အိမ်ရှေ့မင်းအဖြစ် စုံဖက်ပြီ။ မုဆိုးမ ဓာတုကလျာက ၄၃- ၄၄ နှစ်လောက်။ ရှင်ထွေး အသည်းပွင့်ပြီး ဒီအန်ချင်းဖြစ်လာချိန်ဟာ ဒီကာလ ဖြစ်လောက်တယ်။ ရေးချလိုက်တယ်။ မင်းစစ်သမီး “ရာဇသွေးစစ်စစ် မင်းသမီးအစစ်” ဟုတ်တယ်လေ။ ဓာတုကလျာက ဘုရင့်နောင်မင်းတရားကြီးနဲ့ မိဖုရားကြီး ရှင်ထွေးလှ က ဖွားမြင်တာ။ ဟံသာဝတီ အိမ်ရှေ့မင်းရဲ့ မိဖုရားဘဝက မုဆိုးမဖြစ်ပြီး ဆယ်နှစ်အကြာဆိုပါတော့။ ဓာတုကလျာလို့ ဗြောင်မဆိုဝံ့တော့ ရှင်ထွေးသုံးတဲ့ ပရိယာယ်စကားက မင်းစစ်သမီး တဲ့။ ရာဇသွေးစစ်စစ် မင်းသမီးစစ်စစ် ဘုန်းကြီးနတ်ဖန် တို့မြန်မာက နတ်ဆိုတာနဲ့ ပြောင်ပြောင်လက်လက် နားကင်းကြီးဆောင်းထားတဲ့ ဒေဝတာကြီးတွေပဲ အာရုံကျတာ။ ရှင်ထွေးတို့ပေးတဲ့ နိမိတ်ပုံက ဖန်တီးစီရင်နိုင်သူကို နတ် လို့ ဆိုလိုက်ချင်တာ။ “နာထော” ကိုးစားရိုကျိုးရာကို နတ် လို့ မြန်မာမှုပြုထားတာ။ အဖေကို အိမ်ဦးနတ် ခေါ်သလိုမျိုးပေါ့။ သမ္မုတိနတ်/ဥပပတ္တိနတ်/ ဝိသုဒ္ဓိနတ် ဆိုပြီးသုံးမျိုးမှာ သမ္မုတိနတ် ဆိုတာ ဘုရင်ကိုပြောတာ။ သမ္မုတိ က သမုတ်ခေါ်ဆိုတာပေါ့။ တိုင်းရေးပြည်ရာ သူဖန်ဆင်းတာကိုး။ ဘုန်းကံကြီးမြတ်သော ဖန်တီးစီရင်နိုင်သူ နောက်မှာ မင်းစစ်သမီးကို ပြန်တွဲယူကြည့်။ “ဘုန်းကံကြီးမြတ်သော ဖန်တီးစီရင်နိုင်သူ သမ္မုတိနတ် မြတ်ဘုရင်ရဲ့ ရာဇသွေးစစ်စစ် မင်းသမီးက”ငါနှင်းရန်ဟုပန်ပေ၏လေ နှင်း ဆိုတာကို ပေါရာဏရှေးစကားအနက်ကကြည့်ရင်။ တူတာ/အတူတူ ။ တူတူတန်တန် ကြားဖူးတယ်မဟုတ်ဘူးလား။ ငါနှင်းရန်ဟု ဆိုတာ ငါဖို့နဲ့တူတယ် (ငါနဲ့သာတန်တယ်) ပေါ့။ ပန်ပေ၏လေ။ ပန် — — ပေ — — ၏ — — လေ — -။ ရှိုက်သံကြီးနဲ့။ ဟိုမှာ ဥပရာဇာဘိသေကသဘင်မှာ အိမ်ရှေ့မိဖုရားအဖြစ် ရှင်ထွေးရင်ထဲက မဉ္ဇသကကို ပန်သွားပြီလေ။ ငိုရုံ ရှိုက်ရုံ။ အသံလည်းမထွက်ရဲ။ တိတ်တိတ်ငို ကျိတ်ကျိတ်ရှိုိက်။ မပန်ရဘူးဆိုတော့လည်း မပန်ချင်ပါဘူးလေ။ ဂန္ဓမာဒနတောင် နန္ဒမူပတ္တမြားဂူဝမှာပေါက်တဲ့ မဉ္ဇူသကနတ်ပန်း ပွင့်သစ်စနှယ် ဂုဏ်ဒြပ်ပြည့်စုံသောချစ်သူမောင်ကို ဘုန်းကံကြီးမြတ်သော ဖန်တီးစီရင်နိုင်သူ သမ္မုတိနတ် မြတ်ဘုရင်၏ ရာဇသွေးစစ်စစ် မင်းသမီးက “ငါပန်ဆင်ရန်သာ” ငါနှင့်သာထိုက်တန်သည်ဟုဆိုကာ လက်ရောက်သိမ်းယူ ပန်ဆင်သွားပါပြီ တိုးတိုးဖော် သူငယ်ချင်းတို့ရယ်။

စေတနာဖြူဖြင့်

ကံ့ကော်ကောင်းကင် မြန်မာစာ

ဝါကျွတ် လပြည့် ၀၉၁၀၂၂

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

ပေါ်နွေလလျှင်