ပေါ်နွေလလျှင်



လှူပြီးသမျှ ပို့စ်တွေပြန်စစ်ပါတယ်။ သင်ရိုးသစ် grade 12 အတွက် ၃၈ ပုဒ် ပြန်ရှာတွေ့တယ်။ ပေါ်နွေလလျှင်နဲ့ ပတ်သက်လို့ ငယ်မူပြန် ခံစားထားတဲ့ တစ်ပုဒ် ဘယ်နားရောက်နေလဲရှာတော့ မနှစ်က ဒီဇင်ဘာ ၅ ရက် မှာရေးတာ။ မာတိကာတွေ့လို့ ညွွန့်ပေါင်းကျမ်းထဲက ပြန်ဖတ် ခံစား ဇွတ် ရေးတာ၊။ တွေ့ပြီ။

အချိန်မကျသေးလို့ မနှစ်ကလို စာသူခိုးတွေ ကူးချ စီးပွားရေးစာအုပ်ထုတ်တာမျိုး စောရတောဝါကို ရှောင်ပြီး Only me ထားမိတယ် ထင်ပါတယ်။ ဖတ်သူ သုံးယောက် မန့် ၂ခု တော့ တွေ့တယ်။

သူခိုးကြောက်ပြီး ဓမ္မာရုံစတိုထဲလှောင်ထားရင် စတုဒိသာတကယ်သုံးသူတွေ မစားရဖြစ်မှာ။

မိတ္တူ ကူးပြီး ပြန်တင်ပေးတယ်။

ပြဋ္ဌာန်းဆိုတာ မတွေ့ရခင်ဆိုတော့ လုံးကောက်ခက်ဆစ်တွေက ပြဋ္ဌာန်းမူနဲ့ မတူရင်လည်း တကယ်သင်ရမဲ့ စာအုပ်ကို အတည်ယူကြဗျာ။ အခုက ရသစာပေခံစားမှုအနေနဲ့ စူးနစ်ထွင်းဖောက် ဖတ်ချိန်ရမှ ဖတ်။ မဖတ်လို့လည်း စိတ်မဆိုးဘူး။

ကဗျာဆိုသည်မှာ ခံစားမှုကိုဇက်ကြိုးလွှတ်ပေးလိုက်ခြင်းမဟုတ်။

ကဗျာဆိုသည်မှာ ပုဂ္ဂလိကအတ္တကို ဖွင့်ထုတ်ပြခြင်းမဟုတ်။

ကဗျာကား ပုဂ္ဂလိကအတ္တမှ လွတ်မြောက်ခြင်း ဖြစ်၏။

ကဗျာဆရာကြီး အဲလိယက်ရဲ့ အဆိုအမိန့်အဖြစ် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အမြင့်သို့ အာရုံညွန့်တက်ခြင်း စာအုပ်မှာ ဖော်ပြထားတာကို စိတ်ထဲစွဲမိတာပါ။

အခြေခံပညာအဆင့်မှာတော့ ရသစာပေခံစားတတ်ဖို့နဲ့ ဂုဏ် အလင်္ကာ ရသ အတတ်တွေအတွက် ခံစားမှုဇက်ကြိုးလွှတ် ပုဂ္ဂလိကအတ္တ အသီအကုံးတွေက စ ကြရမှာပါပဲ။ ဆိုကြပါစို့ ။ ရတု တစ်ပုဒ်လောက် သင်ရတော့မယ်ဆိုရင်

ရတု ဆိုတာ /ယဒု/ လို့ အသံထွက်ပါကလေး။ မြန်မာကဗျာအမျိုးအစားအဖြစ် ခေါ်နေပေမဲ့ သက္ကတ ဘာသာစကား ရိတု က အသွင်ပြောင်းခေါ်လိုက်တာပါ ကလေး။ သက္ကတစကားဆိုတာက အိန္ဒိယမှာသုံးတဲ့ ဘာသာစကားတွေထဲက သင်္သကရိုက်စကားကို ဆိုလိုတာလို့ သိထားရုံပါ။ သက္ကတစကား လာတဲ့ ရတုက နွေ မိုး ဆောင်း ဥတု တွေလို့ နားလည်။ ရတုဆိုတဲ့ စကားရဲ့ မြန်မာလို အခြားအနက်အဓိပ္ပာယ်က သဘင် အခမ်းအနား အခြေအနေ ဆိုတဲ့ အနက်သုံးမျိုးလည်းရှိတယ်။ သုံးရာသီရှိလို့ ပိုဒ်စုံရတုဖြစ်ဖို့ဆို သုံးပိုဒ်ဖွဲ့ကြတယ်။ အများအတွက်ရေးဖွဲ့တော့ သဘင်။ တစ်ဦးတစ်ယောက်အတွက်ရေးတော့ အခမ်းအနား၊ သဘာဝကိုဖွဲ့တော့ အခြေအနေ လို့ အချို့ပညာရှင်တွေက ခွဲသေးသတဲ့။

တစ်ပိုဒ်တည်းဖွဲ့ရင် ဧကပိုဒ်ရတု၊ နှစ်ပိုဒ်ဖွဲ့ရင် အဖြည့်ခံရတု၊ သုံးပိုဒ်က ပိုဒ်စုံရတု ပေါ့။ သုံးပိုဒ်စုံအောင် ဖွဲ့နိုင်ရက်နဲ့ အဖြည့်ခံဆိုပြီး ထားခဲ့တာက အခြားစာဆိုကို ဉာဏ်စမ်းတာ၊ အစီအကုံးပညာစိန်ခေါ်တာမျိုးပေါ့ ကလေး။

ဘာအကြောင်းရေးသလဲ လေ့လာပြီးရင် ဖတ်သူက မယ်ဘွဲ့၊ မောင်ဘွဲ့၊ စစ်ချီ၊ ဘုရားတိုင်၊ သိကြားတိုင်၊ မိုးတိုင်၊ ကျေးစေ၊ သာလိကာစေ၊ အလှဘွဲ့ စသဖြင့် အမည်တပ်ပေးကြတာမျိုး။

အခု တို့သင်ကြမဲ့ ရတုစာဆိုက ရတုတွေအရေးများလို့ ရတုဘုရင်လို့ ဂုဏ်တင်အခေါ်ခံရတဲ့ နတ်ရှင်နောင်ပေါ့။ ကဲ စကြရအောင်။

အဲဒီမင်းသားက ဘုရင့်နောင်ရဲ့ မြေးပဲပေါ့။ သူ့ခမည်းတော် မင်းရဲသီဟသူရဲ့ အဖေ (သူ့အဖေဘက်ကအဖိုး)က တောင်ငူဘုရင်ခံ မင်းခေါင်-တဲ့။ ဘုရင့်နောင်နဲ့ဆို အဖတူ အမိကွဲ ညီအစ်ကိုပေါ့။ ထားလိုက်တော့။ ဒီလောက်သိရင်။ ဆရာတို့က ကဗျာရဲ့ ရေးဖွဲ့တဲ့ ကာလဒေသကိုမှန်းပြီး ရသ ကြွတက်လာအောင် ခံစား ကြည့်ချင်တာ မဟုတ်လား။

သူ့မိဘနှစ်ပါး ထိမ်းမြားနှစ်က မြန်မာသက္ကရာဇ် ၉၃၂(အေဒီ -၁၅၇၀)လို့ တွေ့ကြတယ်။ သားတော်လေးပါး ထွန်းကားတာ သူက ဩရဿ သားကြီး။

သူ့ဖွားမြင်နှစ်ကို အေဒီ ၁၅၇၁ လို့ အကောက်အယူလည်းရှိတယ်။ ဒီကဗျာနဲ့ ဆက်စပ်ရင် သင့်မြတ်တယ်။

စစ်သမိုင်းတွေ ပြန်ကြည့်တော့ ဘုရင့်နောင့်သားတော် နန္ဒဘုရင်လက်ထက်မှာ။ အေဒီ ၁၅၉၀။ မိုးကောင်းစော်ဘွား ပုန်ကန်မှုနှိမ်နင်း စစ်ပွဲ။ သူ့အသက် ၁၈ / ၁၉ ပေါ့။ စစ်ရေးမှာ ထက်မြက်တက်ကြွသလို အချစ်ရေးမှာလည်း အလွမ်းသည်းသည်းခံစားတတ်ဖို့က ဒီလိုအရွယ်ဆိုရင် သင့်မြတ်တာပေါ့။

နန္ဒဘုရင် အမိန့်နဲ့ နန္ဒဘုရင်သားတော် မင်းကြီးနှောင်း အကြီးအချုပ်ပြုလို့ တပ်ပေါင်း ၁၃တပ် မိုးကောင်းစစ်မျက်နှာကို ထွက်ခွာတာ။ အဲဒီ တပ် ၁၃ တပ်ထဲ အပါအဝင်ဖြစ်တဲ့ “နန္ဒဘုရင်ရဲ့ သစ္စာခံ တောင်ငူရွှေနန်းက ပေးရတဲ့တပ်”မှာ နတ်ရှင်နောင်က တပ်မှူးပေါ့။ စစ်မြေပြင်မှာ ခြောက်လကြာတဲ့ တိုက်ပွဲတွေ။ အောင်မြင်ခဲ့လို့ နတ်ရှင်နောင် စားကျေး စားလက်နဲ့ အချီးအမြှောက် ခံခဲ့ရပါတယ်။ ပေါ်နွေလလျှင် ထဲမှာပါတဲ့ မင်းရေးဝန်ကြောင့် ဆိုတဲ့ နန္ဒဘုရင်ပေးအပ်တဲ့ စစ်မှုရေးရာတာဝန် လို့ ဆိုရမှာပေါ့။

ရာသီဟေမ ဆောင်းဝယ်ကလျှင် နွေလကျွန်းကျွန်း မိုးစွန်းဝါလုံး စစ်မြေပြင်မှာဆိုတဲ့သဘောဆိုရင် ဆရာ့စိတ်ထင် တပို့တွဲအကုန်လောက်မှာ တပေါင်းတန်ခူး ပွင့်လင်းရာသီ အပြီးနှိမ်နင်း၊ ကဆုန်မှာ တပ်တွေပြန်ဝင်ဖို့ နတ်ရှင်နောင် မှန်းဆသွားပုံပဲ။

ကဗျာထဲက မြရည်သက်မှတ် သက်မျှငယ်ချစ် ဟာ ဘယ်သူဖြစ်မလဲလေ။ ရှင်ထွေး ဖြစ်ဖို့များတာပေါ့။ ဓာတုကလျာနဲ့ ဇာတ်ပန္နက်တောင် မပျိုးသေးတဲ့ အရွယ်မို့လေ။

ကျစ်ပြီးထောင်းသိပ်ထည့်ထားတဲ့ ဩဇဂုဏ်ဝေါဟာရတွေကြား အားထုတ်ရတာမလွယ်ပါ ကိုနတ်ရှင်

။ ဆံဖြူ ခါးကိုင်း နားထိုင်း သွားကြွေ သေရက်တွေနီးမှ မြေးအရွယ် လူပျိုပေါက် အပျိုပေါက်တွေကြား နှလုံးသားအနာသည်း ခပ်ကဲကဲ ခံစား၊ မသင်ကြားဝံ့တော့တာလည်း အမှန်ပါပဲ။

(ဒါက — စကားချပ်)

ချစ်သူရယ်

တန်ခူးကဆုန်နွေလက ပြက်ပြက်ထင်ထင် ပီပြင်လာပြီနော်။ ‌နောင့် စစ်စခန်းနား ထက်‌ကောင်းကင်က တောင်ပြန်လေတွေ ပြင်းပြင်းထန်ထန် မြည်သံပေး ကြွရွလှုပ်ရှား တိုက်ခတ်နေလေရဲ့။ ဝန်းကျင်မြင်ကွင်း အနှံ့အပျံ့ မြူတွေနဲ့၊ တောင်ခိုးတွေနဲ့ ပိတ်ဆို့အုံ့မှိုင်းနေတာ တောင်ခိုးဝေ မြူခြေဆိုင်း လေအရိုင်းနဲ့ မုန်တိုင်းဆင်လေဦးမလားပါပဲ ချစ်သူ။ မိုးတိမ်ညိုတွေက အထပ်ထပ်အလိပ်လိပ်မို့ ကြည့်လေရာ မှုန်ဝါးမှိန်ပျ လွမ်းစရာ့မြင်ကွင်းပါချစ်သူ။ လျှပ်စီးတွေက တစ်ချက်တစ်ချက် တလက်လက်။ စိမ်းညှို့မှောင်တဲ့ အရောင်အဝါနဲ့ မိုးတိမ်တွေ ထူတယ် ထပ်တယ်ဆိုတာထက် ပိုနေတော့ ‌ေကာင်းကင်ဟာ ကြည့်လေ လွမ်းလေ ဖြစ်နေရပါရော။ မျှော်ရည်မှန်းခဲ့တဲ့ ကာလက ကဆုန် ရေသွန်းပွဲမှာ ‌နောင်နဲ့ မင်း သာယာကြည်နူးကြရမယ်- ဆုံတွေ့ နွှဲပျော်ကြရမယ်လို့- မင်း အသက်တမျှမှတ်ထင်တဲ့ နောင် ပြန်ရောက်လာမှာလို့ ချစ်ကတိတွေ ပေးခဲ့တာပါပဲ။ ပြန်လည်းမလာ နှောင့်နှေးကြာတဲ့ နောင့်ကြောင့် ဝင်းမွတ်ဖြူဖွေးနူးညံ့စင်ကြယ်တဲ့ ချစ်သူမျက်နှာရွှန်းရွှန်းပပဟာ နေထိဖယောင်းလို စိတ်နွမ်းဖျော့နေ‌ေရာ့မယ်။ တမ်းတခြင်းအပေါ် အလွမ်းက ဆင့်လောင်းလွှမ်းမိုးနေရော့မယ်။ ဒီက နောင့်စိတ်ထဲမှာလည်း ချစ်သူမျက်နှာကို ဖူးတွေ့ဖို့ အရောက်လာချင်တဲ့ ဆန္ဒက တိမ်တွေကိုကျော် လေပေါ်ဝဲ စွန်ရဲငှက်သာဆို ပျံဝဲတက်လာမှာပါ ချစ်သူရယ်။ မဖြစ်နိုင် မတတ်သာလွန်းလို့သာပါ။

‌ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊

မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း

မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်

ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း

ထွေထွေစွန်းက၊ ရေသွန်းသာကြည်

ပျော်ရမည်ကို၊ မြရည်သက်မှတ်

ရောက်ခဲ့လတ်ဟု၊ ချစ်ထွတ်တင်သည်

ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်

ကြာညွတ်ဖယောင်း၊ နေရှိန်ပျောင်းသို့၊

ဆင့်လောင်းလွှမ်းဝှန်၊ ရှိလိမ့်ဟန်ကို

တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်။

ငှက်သွင်ပျံကြွ မတတ်သောဝ်။

ပေါ် = ထင်ထင်ပြက်ပြက် ပီပြင်သည်။

နွေလ = တန်ခူး၊ ကဆုန်။

တောင်က = တောင်ဘက်က (တောင်ပြန်လေ)။

ခြိမ့် = ပြင်းထန်ကျယ်လောင်သည်။

မြူး = ကြွရွလှုပ်ရှားသည်။

မင်းလွင်ဦး= မြူမှုန်ရော၍ ပျံ့လွင့်နေသောတောင်ခိုး။

ပျံ့ပျူး = ပျံ့နှံ့သော။

ချုပ်ထိုင်း = ပိတ်ဆို့အုံ့မှိုင်းသည်။

မှိုင်း = မှုန်ဝါးမှိန်ပျသော။

ထပ် = ဆင့်သည်၊ တစ်ခုနောက်တစ်ခု ဆက်တည်နေသည်။

ပြက်လျှပ်ပြ = လျှပ်ပြက်သည်၊

စိမ်းဝါမိုးပန်း= စိမ်းညှို့မှောင်သော အရောင်အဝါဖြင့် မိုးတိမ်အစု။

ထွေထွေ = ထူထပ်သည်။ များပြားသည်။

စွန်း= ပိုသည်။ သာလွန်သည်။

မြရည် = စင်ကြယ်စိုပြေသော ချစ်သူ (မောင်)။

ပြာစင်= နူးညံ့စင်ကြယ်သူ (မယ်)။

ပျောင်း = နူးညံ့ပျော့အိသော။

ဝှန် = လွှမ်းမိုးသည်။

ကြာ= နှောင့်နှေးသည်။

ချစ်သူရေ

နောင်လည်း ဆွေးလျ တွေးဆ ဆင်ခြင်ကြည့်ပါရဲ့။ ဝေးရ ကာလ ကြာလွန်းတယ်နော်။ ရွှေဝါရောင်အလျှံအခဲနဲ့ ပိတောက်တွေပွင့်တဲ့ တန်ခူးနွေလ တုန်းကလည်း လွမ်းခဲ့ရတယ်။ ငွေရည်ပုလဲ မိုးဖွဲဖွဲတွေက ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးတဲ့။ ‌နောင်တို့ ဝေးနေကြရတုန်း။

ပြီးမှ မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ ကဆုန်မိုးတဲ့။ အလဲလဲအလှယ်လှယ်ရွာခဲ့ပြီးပြီ ချစ်သူ။ ‌ေနာင်တို့ ဝေးနေကြရတုန်း။

ကဆုန်မှာလည်း မွှေးပျံ့ဖြူဖွေး စံပယ်လေးတွေ ပွင့်ခဲ့ပြီ။ ရွှေရည်ယိုးမှား ပန်းစံကားတွေ ပွင့်ခဲ့ပြီချစ်သူ။ ‌နောင်တို့ ဝေးနေကြရတုန်း။

နယုန်မိုးသေး မြက်သားမွေးက သွန်းဖြိုးရွာချ မုလေးရုံတွေ အပွင့်စ ပြီပေါ့။ မုလေး (မြတ်လေး) နဲ့စံပယ် အပြိုင်ပွင့်တဲ့ နွေနှောင်းမိုးကူး တိမ်ဦးမှိုင်းညို့ နယုန်လလည်း ကုန်ဦးတော့မယ်။ ‌နောင်တို့က ဝေးနေကြရတုန်း။

ပိတောက် စံပယ် စံကား မုလေး ဘယ်ပန်းတစ်ပွင့် ဘယ်ပန်းတစ်ကုံးကိုမှ နောင့်လက်နဲ့ ချစ်သူဆံထုံးမှာ လေးလေးနက်နက် မြတ်မြတ်နိုးနိုး စုံစုံမက်မက် (ရနံ့သင်းတဲ့ပန်းတစ်ခက်တစ်ပွင့်ကို ရွေးချယ်ပြီး ) အသာအယာ ဆင်မြန်းပေးခွင့်ကလေးတောင် မရခဲ့ပါဘူးနော်။ သည်ကာလသို့တိုင်ရောက်နေပြီ။ နောင်တို့ ဝေးနေကြရတုန်း။

ပန်းမန်တွေ အလဲအလှယ်ပွင့်ပြီးကုန်ပေမဲ့ ရည်ရွယ်စောင့်မျှော်နေသူဆီ ပြန်လာဖို့က မဖြစ်နိုင်။ နှစ်ကူးသင်္ကြန် မှသည် ကဆုန်ရေသွန်းပွဲအထိ မမီခဲ့ဘူး။ အတူနွှဲရမဲ့ ပွဲတွေလွန်ခဲ့ပြီ။ ချစ်သူလည်း ပြန်လာချိန်တန်လျက် မရောက် လာနိုင်သေးတဲ့နောင့်ကို အလိုမကျဖြစ်နေလေပြီလား။ အကြံအစည် စိတ်ကူးတွေ သဲရေကျ ဖြစ်လို့ ငိုင်တွေ မှိုင်ခွေ နေပြီလား။

နောင့်မှာလည်း ခမည်းတော်ပေးအပ်တဲ့ အရေးတော်တာဝန် ရန်ကွယ်ရန်ကာ စစ်‌ေရး အမှုကိစ္စတွေ မပြီးမပြတ် ရှိနေသေးလို့ပါ ချစ်သူ။ အလိုမကျ ရွှေစိတ်တော်ညိုနေမဲ့ ချစ်သူကို ချော့မော့ချေပ တောင်းပန်ပြောခွင့်လေးတောင် မရလေ။

ချစ်သူရေ

ချစ်သူ့ပါးပြင်ထက်မှာ မျက်ဝန်းမျက်ရည်စတွေ စီးတစ်ဝက် ပြက်တစ်ဝက်လေလား။ မျက်ဝန်းမျက်ရည်စ နှင်းကျတာထက် သည်းနေလေပြီလား။ ဝမ်းနည်း ငိုညည်းနေပြီလား လှသထက်ယဥ်သူ ထွတ်ခေါင်တင်ချစ်သူရယ်။

မြော်ချေကလျှင်၊ ကာလအလျောက်

ပိတောက်လျှံခဲ၊ ပုလဲငုံသွယ်

အလှယ်လှယ်တည့်၊ စံပယ်ဖြူမွှေး

စကားသေးကို၊ မြတ်လေးစုံမက်

ကျွနု်ပ်လက်ဖြင့်၊ ရွေးလျက်ရွရွ

မဆင်ရတည့်၊ ကာလသို့အောင်

ရည်စောင်ပန်းမန်၊ မမီလွန်က

ချိန်တန်သို့သည်၊ ပြန်မည်လေသာ

မရောက်လာဟု၊ ကြံကာခွေ၍

နေလိမ့်မည်ကို၊ ရှိသည်မှုရန်

မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေ့မျှ

မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း

နှင်းထက်သည်း၍၊ ဝမ်းနည်းလျက်ပင်

ပျောင်းလိမ့်ထင်သည်။ ။

ညက်စင်စံမျာ့း၊ အထွတ်သောဝ်။

မြော်= ချင့်ချိန်ဆင်ခြင်သည်။

ကာလအလျောက်= ကာလနှင့် လိုက်လျောညီ

ပိတောက်လျှံခဲ = တန်ခူးလ သင်္ကေတ ပန်း

ပုလဲငုံသွယ် = (ကဆုန်မိုးစက်ကို ဆိုလိုသည်)

ပုလဲငုံသွယ်= (စံပယ်ငုံ သွယ်ကုံးအဖြစ် ယူနိုင်)

အလှယ်လှယ် = ကာလ ဖလှယ်ပြောင်းလဲ၏။

စံပယ် စံကား = ကဆုန်လ သင်္ကေတ ပန်း

မြတ်လေး = နယုန်လ သင်္ကေတ ပန်း

မြတ်လေး = အလေးအနက်မြတ်နိုးမှု။

ရှရှ = အသာအယာ။

ရည်စောင် = ရည်ရွယ်စောင့်ဆိုင်းသည်။

ရှိသည်မှုရန် = ရန်ကွယ်ရန်ကာ အမှုကိစ္စတာဝန်များရှိနေသည်။

မင်းရေးဝန် = ရှင့်ဘုရင့် အရေးတော် တာဝန်။

မချေရ = ချေပပြောဆိုခွင့် မရ။

ညက်စင်စံမျာ့း အထွတ် = လှပသည်ဆိုသူတို့၏ အခေါင်အထွတ် (ချစ်သူ)။

ချစ်သူရယ်

ချစ်သူကို ပျော်စေချင်တာပေါ့။ ယုယချင်တာပေါ့။ မကျေမနပ်စိတ်တွေ ပြေစိမ့်စေလိုလို့ အသံချိုချို စကားဆိုချင်တာပေါ့လေ။ နောင့်ရင်ခွင်ထဲ ချစ်သူကို ပွေ့လို့ စကားတွေဆို၊ စိတ်ပြေစေချင်တာပါ ချစ်သူ။

ခွဲခွါခဲ့ရတဲ့ ‌ရှေ့ရက်‌တွေတုန်းက စစ်ချီသွားရမဲ့အမိန့်ကြောင့် စိတ်လက်မကြည်မသာ ထွက်ခဲ့ပေမဲ့ “ကဆုန်လ မကျော်လောက်ဘူး။ ရေသွန်းပွဲအမီ နောင်တို့ ဒီကျူးကျော်စစ်မှာ ရန်အပေါင်းကို နှိမ်နင်းနိုင်မယ်။ အတိအကျ လုံးဝပြန်ဆုံကြမှာ” လို့ စကားအရိပ်အခြည် ဆိုခဲ့တာပါ ချစ်သူ။

အဲဒီစကားမမှန်ခဲ့လို့ ချစ်သူလွမ်းနေရပြီလား။ ပန်းရနံ့တွေ ထုံပျံ့မွှေးကြည်နေမဲ့ အပြောက်အမွမ်း ခြူးခက်ပန်းနွယ် ညောင်စောင်းခုတင်ထက် စိန်ကတ္တီပါ ခေါင်းအုံးထက်မှာ တစ်ပတ်လျှိုဆံထုံးပြေလျော့လျော့နဲ့ လက်ရုံးပေါ် အသာအယာခေါင်းမှီတင်လို့ ပင့်သက်ရှိုက် သက်မချ ချစ်သူ ဆွေးနေရပြီလား။ အသက်တမျှချစ်ရတဲ့ နောင့် ငယ်ချစ်ကလေး ညှိုးလျော့ခွေယိုင် အတွေးစိုင်ထဲမှာလား ချစ်သူ။ နောင်လည်း ဒါစစ်မြေပြင်လို့ ကို့ကိုယ်ကိုယ်စိစစ် သတိချုပ်ထိမ်းပါရဲ့။

ဒါပေမဲ့ — ဒါပေမဲ့ ချစ်သူ။ ‌ေဝး‌ေနရတဲ့ အဖြစ်ကို ဖြေမပြေနိုင်ဘူးလေ။ အချစ်ကြောင့်ဖြစ်တဲ့ အလွမ်းဝန်ထုပ်က လေးလံမှန်းသိပါရဲ့။ ဘာကိုကြည့်ကြည့် ချစ်သူ့မျက်နှာ ရေးရေးထင် မြင်နေမိသလိုပါပဲ။ နောင့်နှလုံးသားဘုရင်မကို ဖူးတွေ့ချင်နေပါပြီ။ ဖုံးဖိမနိုင် လျှံထွက်နေတဲ့ အဲဒီအတွေးတွေက မရပ်မနား ရဟတ်ခြားလို အာရုံထဲမှာ — — စိတ်ထဲမှာ။ တကယ်ပါချစ်သူ။

ဖျော်‌ဖြေမှလျှင်၊ ယုယသံချို

ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍

ချီသွားမူးမူး၊ ရှေ့ရက်ဦးက

မကျူးထင်ထင်၊ ကဆုန်တွင်ကို

ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်

ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ

ဆိုလေရှာကြောင့်၊ မလ္လာရနံ့

ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင့်ကုံး

စိန်ပွင့်အုံးဝယ်၊ ပင့်ရုံးရွရွ

လက်သင်မ,၍၊ သက်မျှငယ်ချစ်

ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ

သတိချုပ်ဆည်၊ ပြေမည်မျှဝေး

ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်

မယ်သို့လျင်သည်။ ။

စက်ရှင်လျှံမျှ ရဟတ်သောဝ်။

ဖျော်ဖြေ = ပျော်ရွှင်အောင်ပြုသည်။

ကျူး = မြွက်ဆိုသည်။

ပိုက် = ရင်နှင့်ကပ်လျက် ထိန်းပွေ့သည်။

ဖြား = ပျော့ပြောင်းစေသည်။

မူးမူး = စိတ်လက်မကြည်မသာ။

မကျူး = မကျော်လွန်။

ကျိုင်းစင်မြခဲ = ဖွံထွားစိုပြည်စင်ကြယ်သူ။

ရန်နှည် = ရန်အပေါင်းနှိမ်နင်း၍။

လျှင်း = အလျှင်း၊ လုံးဝ။

နှုတ်ခြည်= စကားအရိပ်အခြည်။

ခြူးနတ်ဆင့်ကုံး = အခွေ အနွယ် အခက် အရွက် အပြောက်အမွမ်း၊ နတ်ရုပ်တို့ဖြင့်ပြုလုပ်ထားသော ညောင်စောင်းအိပ်စင်။

စိန်ပွင့် = သစ်ရွက်များထောင်နေဟန် အပွင့်အခက်။

အုံး = ခေါင်း မှီတင်စရာ။ ခေါင်းအုံး။

ရုံး = လက်ရုံး၊ လက်မောင်းအိုး။

လက်သင် = တစ်ပတ်လျှိုဆံထုံး။

ရှရှ = အသာအယာ။

ပျောင်း = နူးညံ့စေသည်။

ချုပ်ဆည် = ချုပ်ထိမ်းသည်။

စိတ်လိုက်မာန်ပါ ဇွတ်ခံစားသည်

ကံ့ကော်ကောင်းကင်မြန်မာစာ

၀၅၁၂၂၂

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား