ဘယ်ယိုင်ကာ ညာကိုနင်းမယ်

နွေမှာ စာဖတ်ဖို့ လူမှုကွန်ရက်ပေါ်မှာ ရှာရင်း G11 မြန်မာစာစာအုပ်ရဲ့ မာတိကာဆိုတာတွေ့ပါတယ်။ အဲဒါနဲ့ ကိုယ့်page မှာ ကဗျာ/ဘာသာ/စကားပြေကို တစ်ရက်တစ်ပုဒ် လေ့လာကြည့်တာမျိုးပေါ့။ ဒီနေ့ လေးရက်မြောက်ဆိုတော့ ကဗျာ အလှည့်ပေါ့။ ပုဂံခေတ် ပုပ္ပားနတ်တိုင် တစ်ပုဒ်၊ အင်းဝခေတ် ကိုးခန်းပျို့ကောက်နုတ်တစ်ပိုဒ် ၊ တောင်ငူခေတ် ရဝေရှင်ထွေး အန်ချင်း ၅ ပိုဒ်၊ ညောင်ရမ်းခေတ် တျာချင်းတစ်ပုဒ် ကုန်းဘောင်ခေတ် ပိုဒ်စုံရတု၊ ကိုလိုနီခေတ် လင်္ကာ၊ လွတ်လပ်ရေးခေတ် လင်္ကာတစ်ပုဒ်နဲ့ အချိုးတွဲ တစ်ပုဒ်။ ဒီလိုတွေ့ရပါတယ်။ ဒီ ရှစ်ပုဒ်မှာ စနစ်ဟောင်း အထက်တန်း ကိုးတန်းက ၂ပုဒ်၊ ဆယ်တန်းက ၄ပုဒ် ပေါင်း ၆ပုဒ်ကတော့ နှစ်များစွာ အခေါက်ခေါက်အခါခါ သင်ဖူးကြလို့ သင်ကြားသူတွေအတွက် အသစ်အဆန်း မဟုတ်ပါဘူး။ အသစ်ပြဋ္ဌာန်းချက် ၂ပုဒ်မှာ #g11poem 1 လို့ code မှတ်ပြီး ပို့စ်တစ်ခုရေးမိပါတယ်။ ဒီနေ့ ဒုတိယအပုဒ်ဖြစ်တဲ့ ဂျိမ်းဖော့ပွဲတော် ပါ။ ကျွန်တော်တို့ဆယ်ကျော်သက်က အထက်တန်းကဗျာလက်ရွေးစင် ပြဋ္ဌာန်းချက်ကဗျာမို့ ကျွန်တော်တို့လို အရွယ်တွေက နှုတ်စွဲပြီးသားပါ။ ဒါရိုက်တာတင်အောင်မြင်ဦးက ကျော်ဟိန်းကို စန္ဒာနဲ့တွဲပြီး နုနုငယ်ငယ်ရုပ်ရှင်အဖြစ်ရိုက်တော့ ကျော်ဟိန်းကိုယ်တိုင်ဆိုတဲ့အပြင် စတီရီယိုခေတ်ဦးသီချင်းမို့ မမေ့ကြသေးပါဘူး။

ကလေးရေ

သင်ရတဲ့ကဗျာတွေကိုကြည့်။ စာဆို့အတ္တ စာဆို့ဆန္ဒက ခံစားမှုဖြစ်လာပြီး ကဗျာအဖြစ် ကာရန်ချိတ် ရွတ်ဆိုရာက စာပေတန်းဝင်ပြီး သူငါ မြတ်နိုး အဖိုးထိုက်သွားကြတာတွေများပါတယ်။ ပုဂံခေတ် လုံမပျို နတ်တိုင်အချင်းငယ်၊ မပန်ရလဲ မပန်ချင်တဲ့ ရဝေရှင်ထွေး၊ မင်းဒဏ်သင့်လို့ မြေဒူးဆင်ဖြူရှင်ကို ဆက်တဲ့ မဲဇာတောက မျက်ဖြေရတု၊ ဒီသုံးပုဒ်က စာဆို့ဆန္ဒ စာဆို့ဝေဒနာ စာဆို့အတ္တလိုအင် တွေပါ။ ဖတ်ရသူ ကိုယ့် အကြောင်းမဟုတ်၊ ဖွဲ့ဆိုသူ သူ့အကြောင်းပေါ့။

ပျို့ကဗျာကျတော့ ဘုရားလောင်းဟတ္ထိပါလသတို့သားရဲ့ ဓမ္မဆန္ဒ ကိုအခြေခံတဲ့ ဟောဖော်ညွှန်ပြမှု “ပညာမဲ့ခြင်းအပြစ်”။ ဒါကိုတော့ ဓမ္မဖြစ်လို့ အဆုံးအမအဖြစ် သိမ်းပိုက်လိုက်လို့ရတယ်။ နိုင်ငံသားတစ်ဦးရဲ့ တာဝန်နဲ့ ခံယူရမဲ့စိတ်ထားကို ဆရာဇော်ဂျီနဲ့ ဆရာမကြီး ငွေတာရီတို့က ပြောပြမယ်။ ဒီမှာကျတော့ ပုဂ္ဂလအတ္တမဟုတ်ပေမဲ့ ငါ့နိုင်ငံ ငါ့လူမျိုး ဆိုတဲ့ ရှိသင့်တဲ့ လူ့အဖွဲ့အစည်းမာန်ကို ခွံ့ကျွေးတာပေါ့။ သတင်းသမား သတင်းယူသလို၊ ဓာတ်ပုံသမား ဓာတ်ပုံရိုက်သလို၊ ပန်းချီသမား ပန်းချီဆွဲသလို မြင်တာတွေ့တာကို ကိုယ်ခံစားရတဲ့ ရှုထောင့်က ပြန်ပြောပြဟန်က ထန်းသမားဖွဲ့ တျာချင်း နဲ့

ဂျိန်းဖော့ပွဲတော် အချိုးတွဲ ကဗျာ ပါပဲ။

ကလေး သဘောပေါက်သလား။ အခု စာဆို ဆရာမျိုးမြင့်ဆွေက သူကြုံခဲ့တဲ့ ကချင်ပြည်နယ်က ဂျိန်းဖော့ တိုင်းရင်းသားတို့ရဲ့ ပွဲတော်အကြောင်းကို သူ့အမြင် ရှု ထောင့်က ပြောပါပြီ။ တို့က ထပ်တူစီးမျောခံစားကြစို့။

ကဗျာစာဆိုကြီးက အညာဒေသ ရေဦးသားဆိုပေမဲ့ ကချင်စာ ကချင်စကား ရှမ်းစာ ရှမ်းစကားတွေလည်းကျွမ်းကျင်တယ်တဲ့။ ဒီကဗျာကိုလည်း ကချင်ပြည်နယ်မှာ ဂျိန်းဖော့ လူမျိုးတွေနဲ့ ရင်းနှီးချစ်ခင်ကျွမ်းဝင် လက်ပွန်းတတီးနေထိုင်ရင်း ရေးဖွဲ့တာဆိုတော့ သရုပ်ပီပြင် ရှင်းလင်းကောင်းမွန်နေတော့တာပေါ့။

ဆရာတို့ကျတော့ စာအုပ်ပဲဖတ်ပြီး တွေးဆခံစားရတာပေါ့။ ဂျိန်းဖော့ပွဲတော်ဆိုတာ ကချင်ပြည်နယ်မှာ မနောပွဲလိုပဲ ထူးခြားတယ်။

ဟိုရှေ့က ဆူဆူညံ၊

ဘာသံလို့ မေး — — -။

နမ်ပန်ခယင် အိုးစည်ဝိုင်းနဲ့၊

ဓားသိုင်းတဲ့လေး — — ။

ဒွေးချိုး တစ်ပိုဒ်ပြီးပြီ။ အချိုး ၂ ချိုး‌ပေါ့။ ပိုဒ်တွင်းကာရန် “ညံ၊ သံ၊ ဝိုင်း၊ သိုင်း” ။ ပိုဒ်ဆုံးကာရန် “မေး/လေး” တွေ့တယ်နော်။

ရှေ့နားက ဆူဆူညံညံ အသံတွေကြားရတယ်နော်။ “ဘာသံတွေလဲ” လို့ မေးကြည့်မိတယ်။ သိုးမွှေးပန်းပွားအနီတွေတပ် အလှဆင်ထားတဲ့ အိုးစည်ဝိုင်းက တီးခတ်သံတွေ၊ အိုးစည်ဝိုင်းနဲ့အတူ ဂျိန်းဖော့ရိုးရာ ဓားသိုင်းကပွဲဆီက အသံတွေ — -တဲ့။

သိလွယ် လွယ်ကူ ရှင်းလင်းနေတဲ့ အရေးအဖွဲ့လေ။ ပသာဒဂုဏ်မြောက်တာပေါ့။ ဝေါဟာရမှာ ‌ဒေသနောက်ခံ လူမျိုးရဲ့ စကားဝေါဟာရတစ်ခု သုံးထားတယ်။ Nanpan Hk Yen နမ်ပန်ခ ယင် တဲ့။ မြန်မာလိုအဓိပ္ပာယ်က ပန်းအနီ ပန်းပွားအနီ လို့ နားလည်လိုက်နော်။ အချိုးကလေးနှစ်ချိုးထဲပေမဲ့ ရိုးစင်းလွန်းတဲ့ ဝေါဟာရနဲ့ပဲ ဂျိန်းဖော့ရိုးရာဓလေ့ပွဲ အိုးစည်သံ မောင်းသံ တညံညံဆူနေတဲ့ ဓားသိုင်းညီညီကနေကြဟန်ပါ မြင်ယောင်ကြားယောင် တက်ကြွရွှင်လန်းစိတ်ဖြစ်လာတာက နှစ်သက်မှု (ရသ) ပေါ့ ကလေးရဲ့။

ရှေ့ပိုင်းက ခေါင်းပေါင်းဖြူ

ဘယ်သူလဲမေး — — ။

အကီဝါ၊ ဆလန် များနဲ့

ဒူဝါတဲ့လေး — — ။

ဒုတိယ ဒွေးချိုး။ ကာရန်ရှာကြ။ ဟုတ်တယ်။ ပိုဒ်တွင်း “ဖြူ/သူ” “ များ/ ဝါး” (ဒူဝါက ဝါဟာ သံစဥ်အရ အသံ”လေး” နဲ့ ဆိုသွားမှာ)

ပိုဒ်ဆုံး ကာရန်က တော့ “မေး/လေး” ပဲ အသံတူ ယူထားဆဲနော်။

ပွဲတော်ရှေ့ပိုင်းမှာ ခေါင်းပေါင်းဖြူနဲ့လူကြီးတွေက ဘယ်သူတွေလဲဟင်လို့ မေးကြည့်မိတယ်။

အကီဝါ အကြီးအကဲ၊ ဆလန်ဝါ အကြီးအကဲ၊ ဒူဝါ အကြီးအကဲတွေပေါ့ — တဲ့။

ဟော၊ စကားအသုံးအနှုန်းပိုင်းမှာ ‌ဒေသနောက်ခံ လူမျိုးရဲ့ စကားဝေါဟာရသုံးခု သုံးထားတယ်။ ဒါက ခက်ဆစ်အနက်ဖွင့်နဲ့ နားလည်လိုက်လို့ရတယ်လေ။ Agyi Wa အကီဝါ ဆိုတာရပ်ရွာအုပ်ချုပ်စီမံဖို့ လူထုကတင်မြှောက်ထားတဲ့ သူကြီး၊ လိုအပ်လို့ အစိုးရက ခန့်ထားတဲ့ အကြီးအကဲ လို့ ဆိုလိုတာ။ Salang Wa ဆလန်ဝါ ဆိုတာ ရပ်ရွာ‌ေဒသမှာ သိက္ခာသမာဓိရှိတဲ့ လေးစားထိုက်တဲ့ လူကြီးမင်း လို့ ဆိုလိုတာ။ Duwa ဆိုတာက မျိုးနွယ်အကြီးအကဲ၊ ဒေသအကြီးအကဲ ဩဇာကြီးသူ လို့ ဆိုလိုတာ။ ဒါဆို သိလွယ်ရှင်းနေတာပဲ မဟုတ်လား၊ လူမျိုးတစ်ခုရဲ့ အကြီးအကဲအခေါ်အဝေါ်တောင် သုတ ရလိုက်သေးတယ်။ ဒီပွဲတော်ဟာ မျိုးနွယ်အကြီးအကဲတွေ၊ ဩဇာကြီးသူတွေ၊ ဒေသရပ်ရွာ စီမံအုပ်ချုပ်သူ အကြီးအကဲတွေ၊ ဂုဏ်သရေရှိသူတွေကိုယ်တိုင် ပါဝင်ဆင်နွှဲတဲ့ ဂျိန်းဖော့ရိုးရာဓလေ့ပွဲတော်ကြီးပေါ့ ကလေးရဲ့။

အပန်းငဲ့ ‌ပြေစရာ

ဘယ်ဟာလဲတွေး — — ။

တောင် — ခြေမှာ ခေါင်ရည်အိုးပေါ့

ရိုးရာကွဲ့လေး — — ။

ဒွေးချိုး တတိယ။ ကာရန်ရှာကြ။ ပိုဒ်တွင်း ကာရန် “စရာ/ဟာ” “ အိုး/ ရိုး” ( ဒါ့အပြင် အအုပ်ပိုဒ်မှာ တောင်ခြေ/ခေါင်ရည် ဆိုတဲ့ နဘေထပ်ချက်ကို မြင်လား)

ပိုဒ်ဆုံး ကာရန်က “တွေး/လေး” လို့ “ဧ” ကာရန်အသံ ယူထားဆဲနော်။

ပွဲတော်မှာ က ခုန် ဆိုတီးရင်း ပန်းလာရင် ဘာနဲ့ အပန်းဖြေ အပန်း‌ေပြ‌ေစတာလဲလို့ တွေးမိတော့ တောင်ခြေကွင်းကျယ်မှာ ဂျိန်းဖော့ရိုးရာ ခေါင်ရည်အိုးတွေလေ၊ ခေါင်ရည်သောက်ရင်း စိတ်လက်ပေါ့ပါး မြူးထူး အပန်းဖြေတာ ရိုးရာဓလေ့ပါပဲ- တဲ့။

အဓိပ္ပာယ်က ရိုးရိုးလေးနဲ့ ရှင်းလို့။ ကဗျာဆိုရင်း မြင်ယောင်ကြားယောင် ကိုယ်တွေပါ တက်ကြွရွှင်လန်းလာတဲ့ ရသနော် — ကလေးရေ။

မီးပုံကြီး ပတ်ပတ်ရံ

ဟန်ညီလှသေး — — ။

ဘယ် — ယိုင်ကာ ညာကိုနင်းမယ်

မင်းလိုက်ခဲ့လေး — — ။

စတုတ္ထ ဒွေးချိုး။ ပိုဒ်တွင်းမှာ “ရံ/ဟန်” “နင်း/မင်း”။ ပိုဒ်ဆုံးကတော့ ဧ ကာရန် “သေး/လေး” ပဲနော်။

ပွဲတော်မှာ နမ်ပန်ခယင်အိုးစည်ဝိုင်းက ရိုးရာတေးသံအတိုင်း ဓားသိုင်းအက ရိုးရာအကကို မီးပုံအကြီးကြီး နံဘေး ပတ်ပတ်လည်ဝန်းရံလို့ ဟန်ချက်ညီညီ ကနေတာ၊ ညီလိုက်တာ၊ လှလိုက်တာ၊ ရှေ့လူက ခန္ဓာကိုယ်ကို ဘယ်ဘက်ယိုင်ယိမ်းပြီး ခြေကို ညာဘက်အကွက်ကျ အနင်း၊ က-ဖော် က-ဖက် နောက်လူက တစ်ထပ်တည်း လိုက်ခဲ့ပါနော် -တဲ့။

ဒွေးချိုး လေးပုိဒ်တွဲ ဆိုပြီးတော့ နိဂုံးချုပ်အပိုဒ်ကို လေးချိုး နဲ့ ချုပ်မယ်။ ကြည့်-

“လော့ခူး” ဆို ခေါင်တစ်ကျိုက်

တစ်ရှိုက်လောက် စုပ်ကာယူ၊

ဂျိန်းဖော့သူ နံ့သာတုံး

ရှုံးလိမ့် မြို့သူ — — ။

ပြွေနက် က ကျူ

လူသံက “ဝေး-လေး -လေး”။

ခေါင်တန်ခိုးပေထင့်၊

မညှိုးပေါင် တခုန်ခုန်ပ

နေအရုဏ် အောင်လံစိုက်တော့

ဆွေအစုံ တောင်ယံတဝိုက်မှာ

“ဒေါင်မ-ရေ” — က — လိုက်ချည်သေး။

လေးချိုးတွေ့တယ်နော်။ ပိုဒ်တွင်းမှာ “ကျိုက်/ရှိုက်” “ တုံး/ရှုံး” “ကျူ/လူ” “ခိုး/ညှိုး-ခုန်/ရုဏ်/စုံ” နဲ့ ချိတ်သွားတယ်။ “အောင်လံနဲ့ တောင်ယံ” က နဘေထပ်။ ပိုဒ်ဆုံး အခံကာရန် “ယူ” အအုပ်ကာရန် “သူ” အချိတ်ကာရန် “ကျူ” ခံပြီး ဧ ကာရန်နဲ့ ကဗျာချဖို့ အခံအအုပ် “လေး/သေး”။ ကလေး ခဲလိုက်သားလား။ ရှာလို့တွေ့လား။

စကားပြေကောက်ကြည့်ရအောင်။

ဂျိန်းဖော့ဘာသာစကား “လော့ခူး” Lauhku ဆိုတာ ခေါင်ရည် ကို ခေါ်တာ။ “ဒေါင်မ” Dauma ဆိုတာက ကိုယ်က သမီးပေးထားရတဲ့ သားမက်ဘက်က အမျိုးကို လေးစားသမှုနဲ့ခေါ်တဲ့ အခေါ်အဝေါ်။ ခင်မင်နှစ်လိုမှုနဲ့ ခေါ်တာ။ စာဟန်နဲ့ စကားပြေပြန်ကြည့်မယ်။

ရိုးရာလော့ခူးခေါင်ရည်ကို တစ်ရှိုက်လောက်စုပ်ယူကာ ခံတွင်းတွင်ငုံရင်း တစ်ကျိုက်သောက်လိုက်ပြန်ပါသည်။ ပါဝင်ကခုန်ဆင်နွှဲနေသော ဂျိန်းဖော့ပျိုဖြူလေးများက လှလွန်းသည်။ မြို့သူများပင် အရှုံးပေးရအောင် လှသည်။ ဂျိန်းဖော့ရိုးရာ ပြွေနက်မှုတ်သံကလည်း အသံရှည်ရှည်ဖြင့် တီတီတာတာ သာယာညင်းပျောင်း လွန်းသည်။ ဓလေ့ကို ခုံမင်စွာ ကခုန်ရွှင်လန်းသူတို့၏ သံပြိုင်ဟစ်ကြွေးသော “ဝေး-လေးလေး”ဟူသည့်အသံကလည်းမြိုင်သည်။

လော့ခူးခေါင်ရည်၏ တန်ခိုးသတ္တိက ခပ်ယစ်ယစ်နှင့် ပေါ့ပါးရွှင်လန်းလေသလား။ လူမပန်း စိတ်မညှိုး ကကြိုးအတိုင်း တခုန်ခုန် ကနေကြဆဲပင်။ ညဉ့်သုံးယံ ကုန်ဆုံးစေတော့။ အရုဏ်သစ်နေမင်းကြီး အလင်းအောင်လံစိုက်ချိန်အထိ ဆွေမိတ်အစုံအလင်ဖြင့် မီးပုံပွဲကြီးနံဘေး ဤတောင်ယံတဝိုက် နေရာစုံအောင် (ဒေါင်မရေ) တို့တတွေ ကလိုက်ကြဦးစို့ — — တဲ့။

ရသအပိုင်းမှာ သန္တတွေ ဝီရတွေ ပေးနေတယ်။ ထိအောင်ခံစားယူ။ နှစ်သက်မှုဖြစ်လာအောင် ကလေးရဲ့ နှလုံးသားထဲ ခင်းကျင်းရှင်းလင်း နေရာချကြည့်။ တစ်ခေါက် ထပ်ဆိုကြမလား။

သုတအပိုင်းမှာ ဒေသန္တရသုတ ဘာသန္တရသုတ အဖြစ် စကားအသုံးအနှုန်းတွေ ဆီလျော်နေတာ။

“ဝေးလေးလေး” မြည်သံစွဲ အဆင်တန်ဆာ။ ဂျိန်းဖောပျိုနံ့သာတုံး ဆိုတဲ့ ထပ်တူဖွဲ့ ရူပကအလင်္ကာ ၊ ခေါင်တန်ခိုး/ နေအရုဏ်အောင်လံစိုက် ဆိုတဲ့ ဝင်္ကဝုတ္တိအလင်္ကာ ထုတ်ကြည့်ရမှာနော။

တိုင်းရင်းသားရိုးရာဓလေ့ကို စူးစမ်းနှစ်သက် ချစ်မက်မြတ်နိုးလာစေတဲ့ အကျိုး။ ပသာဒဂုဏ်မြောက် သိလွယ်ရှင်းနေတာ။ တောင်ခြေ ခေါင်ရည် /တောင်ယံတစ်ဝိုက်- အောင်လံစိုက် နဘေထပ်ဂုဏ်တွေ၊ နေမင်းကို အောင်လံစိုက်စေတဲ့ သမာဓိဂုဏ်သဘော ရှင်းပြရမှာပေါ့ကလေး။ ချိုသာရွတ်ဆို တေးကဗျာဖြစ်လို့ မဓုရတာဂုဏ် က ပြေးမလွတ်ပါဘူး။

ကျေနပ်နော်။

စေတနာ အာသီသ ဂါရဝဖြင့်

ကံ့ကော်ကောင်းကင်မြန်မာစာ

၃၀၀၄၂၂


Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်