စကားသံသဘောကို ပြောကာပြရင်
အရင်တုန်းက မြန်မာစာဘာသာ လို့သာပြောကြတာ ဘာသာစကားအကြောင်းက မပါသလောက် ပါပဲ။ အခုတော့ ဘာသာနဲ့ စာပေ အချိုးညီညွတ်နေတဲ့ သင်ရိုးမာတိကာတွေကို လူမှုကွန်ရက်ပေါ်မှာ မြင်ရရုံနဲ့တင် အလွန်အားတက်မိတာ အမှန်ပါ။ စာပေကိုပဲ သင်ရိုးလုပ်ခဲ့ကြတော့ စာပေရဲ့ မူလရေသောက်မြစ်ဖြစ်တဲ့ ဘာသာအပိုင်းက မှေးမှိန်ခဲ့ရတာပေါ့။
အခုမှပဲ မြန်မာစကားရဲ့ သဘောသဘာဝကို သင်သူလည်း သင်ယူကြရ။ သင်ယူသူလည်း စူးစမ်းမှတ်သားကြရ။ ပျော်စရာကြီးပါ။
ကိုယ့်လူမျိုးရဲ့စကားကို ကိုယ့်ရုပ်ခန္ဓာက နှုတ်ပါးစပ် အားကိုးနဲ့သာ ပလုံးပထွေးပြောနေတာ။ ဘယ်လိုအနက်ဖော်ပြီး ရေးတာက ဘယ်လိုအသံထွက်ပြီး ပြောသလဲ မသင်ယူမိကြဘူးလေ။ မိခင်ဘာသာစကားမို့ ကျွမ်းဝင်မှုနဲ့ ပြောနေတာမို့ မသင်လည်း နားလည်ပြီးမြောက်နေတာကိုး။
ဘိုးဘွားတွေက ပညာရပ်ဆန်ဆန်သာ မပြောခဲ့တာ။ သူတို့အသိနဲ့ သူတို့ စုဖွဲ့သွားတာ အပိုင်ပါပဲဗျာ။
“ငါတို့စကား နင်ပြောမလား။ နင့် မေးရိုးအောက်ခြမ်းကြီးကို နင့်ကိုယ်နင် မြင်ကြည့်။ စကားပြောဖို့ အဆုတ်ထဲက လေတွေ လည်ချောင်းကို ေကျာ်ဖြတ်ပြီး ခံတွင်းကို လာမှာမဟုတ်လား။ လည်ချောင်းထဲမှာ အသံကြိုးမျှင် နှစ်ချောင်းရှိတယ်။ လိုသလို လှုပ်ရှား မှာ။ အောက်မေးရိုးအခြမ်းမှာ ပါတဲ့ လျှာရင်း/လျှာနောက်/လျှာလယ်/လျှာရှေ့/လျှာဖျား/အောက်နှုတ်ခမ်း/လျှာခင်တွေက လှုပ်ရှားနေမှာ။ (ဟဲ့ အောက်သွားတွေကတော့ ဘယ်လှုပ်ရှားပါ့မလဲ။) စကားသံဖြစ်လာအောင် ဖန်တီးကူညီကြမဲ့ အဲဒီ၈မျိုး က လှုပ်ရှားနိုင်တဲ့စကားသံဖြစ်အင်္ဂါ ပေါ့။ ကရိုဏ်း လို့လည်းခေါ်တယ်နော်။
လျှာရင်း/လျှာနောက်/လျှာလယ်/လျှာရှေ့/လျှာဖျား/အောက်နှုတ်ခမ်း/လျှာခင်နဲ့ အသံကြိုး နော်။”
အဆုတ်ထဲက လေ အသံကြိုးဆီမလာသေးဘဲ အောက်မေးခြမ်းကြီးပဲလှုပ်နေလို့လဲ စကားသံမဖြစ်ဘူးဟဲ့။ အိပ်ရင်း ယောင်ပြီး သွားကြိတ်တဲ့ အသံပဲရ မှာ။
“ ပြီးရင် အာခေါင်ကြီးကို စိတ်ထဲမြင်ကြည့်။ အပေါ်သွား၊ အပေါ်နှုတ်ခမ်းတွေ နှာခေါင်းတွေပါတဲ့ အေပါ်အာခေါင်အပိုင်းကို ပြောတာ။ အာခေါင်ပျော့၊ အာခေါင်မာ၊ အာထိပ်၊ သွား၊ အထက်နှုတ်ခမ်း၊ နှာခေါင်းလို့ ၆ မျိုး ခွဲမှတ်လိုက်၊ အဆုတ်ကနေ လေ လာရာလမ်းကြောင်း လည်ချောင်း ကိုပါ ထည့်မှတ်။ အားလုံး ၇ မျိုး၊ ဒါတွေက စကားသံဖြစ်ရာ နေရာတွေ။ ဌာန် လို့လည်းခေါ်တယ်။ မလှုပ်ရှားတဲ့ စကားသံဖြစ်အင်္ဂါတွေပေါ့။
စကားသံဖြစ်အောင် ဖန်တီးပေးတဲ့ အင်္ဂါတွေ သူ့အတိုင်းအတာနဲ့သူ ထိတွေ့ကြတော့မယ်။
ဗျည်း ၃၃ လုံး ရေးပေမဲ့ အသံတူတွေ ဖယ်ကြည့်ဖူးလား။ က၊ ခ၊ ဂ၊ င၊ စ၊ ဆ၊ ဇ၊ ည၊ တ၊ ထ၊ ဒ၊ န၊ ပ၊ ဖ၊ ဗ၊ မ၊ ယ၊ လ၊ ဝ၊ သ၊ ဟ အသံ ၂၁ သံ ပဲ ရှိတယ်။
ကခဂင ~> အာခေါင်ပျော့က လာတဲ့ ဗျည်းသံ
စဆဇ ~> သွားအရင်းက လာတဲ့ ဗျည်းသံ
တထဒန လ ~> (လျှာရှေ့) သွားအရင်းက လာတဲ့ ဗျည်းသံ
ပဖဗမ ဝ ~> နှုတ်ခမ်းက လာတဲ့ ဗျည်းသံ
ယ ည ~> အာခေါင်မာက လာတဲ့ ဗျည်းသံ
သ ~> သွားက လာတဲ့ ဗျည်းသံ
ဟ ~> လည်စေ့ က လာတဲ့ ဗျည်းသံ
ဒါ့အပြင် ဗျည်းတွဲ ဟ ထိုး ကြောင့် ဖြစ်လာတဲ့ အသံတွေကိုပါ ဗျည်းသံထဲ ထည့်ရင် ငှ၊ ညှ၊ နှ၊ မှ၊ လှ တွေကို င၊ ည၊ န၊ မ၊ လ အတိုင်း အသံဖြစ်ရာမှတ်ပေါ့။ ထူးခြားမှာက #ရှ သံ၊ သီးခြားမှတ်။
ရှ ~> သွားရင်းအာခေါင် က ဗျည်းသံ
ဒါဆို အသံဖြစ်ရာကို အစွဲပြုလို့
အာခေါင်ပျော့ဗျည်း၊ သွားရင်းဗျည်း၊ နှုတ်ခမ်းဗျည်း၊ အာခေါင်မာဗျည်း၊ သွားဗျည်း၊ လည်စေ့ဗျည်း၊ သွားရင်းအာခေါင်ဗျည်း ဆိုတဲ့ (၇)မျိုး ခွဲခြားလိုက်တာကို မှတ်ပြီးပြီပေါ့။
ဗျည်းသံလို့သာပြောတာ။ ဗျည်းက အဆုတ်ထဲက လေ အထက်တက်ချိန်မှာ အပေါ်မှာပြောခဲ့တဲ့ စကားသံဖြစ်အင်္ဂါတွေ တားဆီးထားလို့ ထင်ရှားမှုမရှိဘူး။ မတြာဝက် ဆိုတာလေ။ လျှပ်တစ်ပြက်၊ မျက်တောင်တစ်ခတ်၊ လက်ဖျစ်တစ်တွတ်ကြာချိန်ရဲ့ တစ်ဝက်ပဲ ဗျည်းသံထုတ်နိုင်လို့ မထင်ရှားတာပေါ့။ သရအကူယူ (က+အ) = က လို့ အသံပီထုတ်နိုင်ဖို့ သရအကူအညီယူရမှာ။
လိုက်ဆိုလိုက်တော့
ဗျည်းသံဖြစ်ရာနေရာရယ်
ဗျည်းတွေခွဲခြားမယ်
လည်စေ့ — ဟ၊
သွား — သ၊
အာခေါင်မာ -ယ ည ။
က ခ ဂ င ငှ ဆိုတာ၊
အာခေါင်ပျော့ဗျည်းပါ
နှုတ်ခမ်းဗျည်းကဘာတွေလဲ၊
ပြည့်ဖြိုးဗိုက်မှာဝဲ
တုတ်ထိုးဒါနဲ့ဇွတ်စစ်ဆင်
လှလ သွားရင်း(သယင်း)ပင်
သွားရင်းအာခေါင်(သယင်းအာဂေါင်) နေရာက
သီးခြားမှတ်ရန် “ရှ”
ဒါဆိုရင် စကားသံဖြစ်အင်္ဂါ ကို မိမိဦးေခါင်းပိုင်းမှာ -အောက်မေးရိုးက လှုပ်ရှားတဲ့အပိုင်း(လျှာ/နှုတ်ခမ်း)။
-အာအပေါ်ပိုင်းက မလှုပ်ရှားတဲ့အပိုင်း၊ -လည်ချောင်းထဲက အသံကြိုးကို လှုပ်ရှားအင်္ဂါမှာ ထည့်မှတ်၊
-ဗျည်းသံရဲ့ မထင်ရှားမှု၊ ဘာကြောင့်မထင်ရှားတာ၊ သရသံကူမှ စကားသံဖြစ်တာ။
နေရာအလိုက်ဗျည်းအမျိုးအစား
အမျိုးအစားလိုက်ဗျည်းသံ ကို
ကလေးလည်းရှင်း ကိုယ်လည်းရှင်းမယ်ပေါ့။
နေဦးနေဦး
ပြည့်ဖြိုးဗိုက်မှာဝဲ ဆိုတာ ပဖဗမဝ
တုတ်ထိုးဒါနဲ့ဇွတ်စစ်ဆင် လှလ ဆိုတာ တထဒနစဆဇလလှ ကို အလွယ်မှတ်တာနော
စိတ်ဝင်စားရင် သင်ဟန် ဆွေးနွေးဝေငှနေမှာပါ။
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
Comments
Post a Comment