စံကားဝါပွင့်ငယ်၏ အတ္ထုပ္ပတ္တိတို

 သင်ထောက်ကူက ပုပ္ပားလက်ဆောင် ပုလင်းသွတ် စံကားဝါပန်းနဲ့ ဘုရားစျေးတန်းက ၃၀၀တောင် ပေးဝယ်ထားရတဲ့ နတ်ဦးသျှောင် ဆောင်းထားတဲ့ မဟာဂီရိနတ် စက္ကူပုံနှိပ်ပန်းချီတစ်ချပ်ပေါ့။

မြန်မာမိန်းကလေးတွေရဲ့ ကိုယ့်အကြောင်း ပြောပြချင်တဲ့အခါ တိုးတိုးဖော် ရှာတတ်ပုံကို နိဒါန်းစပါတယ်။ဟန်လေးပန်လေးလုပ်ပြတော့ ကလေးတွေ ကိုယ့်စကားပေါ် အာရုံကျလာပါပြီ။
၁။ရသပေါ်အောင်ရွတ်ဖတ်မယ်
၂။ အနက်အဓိပ္ပာယ်
၃။ ဇာတ်ဆောင် ဒေသ ကာလမှန်း နဲ့ ကလေးတွေကို တပ်လှန့်လိုက်ပါပြီ။ မေးခွန်းတိုတွေ ဝင်။ ဗျတ္တလို ပန်းဆက်သမားကွယ်လေး ဘာလေးလုပ်တာပေါ့။ ပြီးမှ သင်ပုန်းပေါ်မှာ စာသားကိုရေးရင်း နှုတ်ကလည်း တစ်ပြိုင်နက်တည်း ရှင်းပါတယ်။ ရပ်မပြောဘူး။ ရေးတာတစ်ခုထဲကို အသံတိတ်မလုပ်ဘူး။ ရွှေနှင့်ယိုးမှားလို့ လက်ကရေးနေရင် နှုတ်က "ဆင်တူယိုးမှား ဆိုတာပြောဖူး ကြားဖူးတယ်မဟုတ်လားဟေ့" လို့ပြောရှင်းပြီးသားပါ။
ပုပ္ပားနတ်တောင်က နတ်အပေါင်းပျော်စံရာ တောင်တော်ပုပ္ပားပေါ့။ အခေါင်အဖျားတိုင်အောင် မြင့်မားသည်။ သစ်ပင်ခြုံနွယ်ထူထပ်။ ရွှေဟု "ယိုး"စွပ်တင်စား ထင်"မှား" လောက် စံကားဝါပန်း ချိန်သင့်ခါသင့် ပွင့်ဖူး။ ရနံ့မွှေးက လေထုထဲ ကြိုင်လှိုင့်လွင့်ပျံ့။
အဲဒီနိဒါန်းဦးအပိုဒ်က ပုပ္ပားနဲ့စကားဝါကို အချီးပေါ့။
ဒု အပိုဒ်က "သူ့ဘဝ သူ့အလှ"ပါ။
စကားပွင့်လေးနဲ့ "နှိုင်း"ယှဉ်တင်စား၍ ရအောင် ပန်းလေးလို့ ပြောရနိုး"နိုး" မြတ်နိုးစရာ "တင့်"တယ်သူ။ နှိုင်းတင့်နိုးပေါ့။ ရဲရင့်နီစွေး ဝီရသွေးကြွယ်တဲ့ အမျိုးအနွယ်မှ အမျိုးကောင်းသမီး။ မယ့်ချစ်သူမောင်ကြီး၏ မြတ်နိုးစောင့်ရှောက်ခံရသောနှမ။ ကောင်းခြင်းငါးဖြာမှာ နူးညံ့စင်ကြယ်သော အသားအရေ၏ ကောင်းခြင်းပြည့်စုံ။
မဟာဂီရိနတ်မင်းစောင့်ရှောက်ပေးရမဲ့ သူ့ချစ်သူက ခရီးလှည့်လည်သွားနေရတဲ့ မင်းမှုထမ်း(ခရီးသားကို/ကျောင်းသား စစ်သားနဲ့ ခေါ်ဝေါ်ပုံ သဘောပေါက်စေပါတယ်) အဲဒါ ဝိပ္ပယောဂ နဲ့ယှဉ်တဲ့ သိင်္ဂါရရသဖြစ်ကြောင်း ရှင်းပါတယ်။
အပိုဒ် ၃ က "သူ့နှလုံးသား သူ့ကိုယ်ကျင့်တရား"ပါ။ ကြက်တောင်စည်းစ ရွှေရင်သိမ်းသစ် မှ ယခုမြိတ်လွတ်ဆံထုံး ထုံးတတ်စအရွယ်ထိ ငယ်ကကျွမ်းရစ် ချစ်ရသူ။ မိမိကို "မွေး"သည့် "ဖ"ခင်နှင့် "တူ" ညီသောမေတ္တာ ပေးနိုင်လောက်အောင် "ရင်း"နှီးကျွမ်းဝင်ချစ်ရသူ။ ဆွေခြုံလုံ မျိုးထပ်မြတ်ရသော ခင်ပွန်း(သည်မင်း) အဖြစ် ချစ်ခြင်းတွေ စုရုံးပေါင်းစည်း။ ရာသက်ပန် ရိုးမြေကျ နှလုံးစိတ်ဝမ်း ခြားနားမှုမရှိ စိတ်တူကိုယ်တူ သစ္စာတရား စောင့်သိပါမယ်။ ပေါ့
နိဂုံးအပိုဒ်က ဆွေမိမင်းက အဓိပ္ပာယ်- မိမိ၏မိတ်ဆွေ နတ်မင်းကြီးရှင့် မိမိ၏ငယ်ကျွမ်းဆွေချစ်သူ အဆင်းနဲ့အချင်း ပြည့်သူပါပေါ့။ ရွှေခါးစည်းပဝါ နံကြီးပိတ်ချောအင်္ကျီ ဖွံ့ထွားစိုပြည် ချစ်ခင်ကြင်နာတတ်သူ။ ရေမြေ့သခင် ဘုရင်ကိုယ်တိုင်က အမတ်အဖြစ်လျာထားသူ ပေါ့။
ဒါကြောင့် အတူမရှိ အတုမရှိတဲ့ ချစ်ခြင်းနဲ့ ကြိုက်နှစ်သက်မိတယ်ပေါ့။ ရိုးသားပွင့်လင်း အပြစ်ကင်းစွာ ရင်နှင့်မမျှ စင်ဖိတ်ပွင့်လျှံ အန်ထွက်ခဲ့ရသော သိင်္ဂါရမြစ်တစ်စင်း စီးဆင်းမှုပေါ့လို့ အနားသတ်ပေးလိုက်ပါတယ်။
လေးစားအားကျစရာ မေတ္တာ ကိုယ်ကျင့်ကို ဆွဲထုတ်ပြဖို့ မမေ့ပါ။
ငယ် ကျွမ်း ဆွေ ကို အက္ခရာဝဏ္ဏ ထာပနာ(ဌာပနာ) ထားတာက လှချက်ဗျား။
စာဝမ်းစာအဖြစ်က စာပေပညာရှင်အများစု လက္ခံကြတဲ့ ပုဂံခေတ်က ကဗျာက ၃ ပုဒ်သာရှိတယ်ပေါ့။ သေဉ်လည်ကြောင်လက်ထက် ဒီကဗျာ။ အေဒီ ၁၀၀၀ဝန်းကျင် ကျန်စစ်သားလက်ထက် မြကန်ကဗျာနဲ့ နရပတိစည်သူ လက်ထက် သူတည်းတစ်ယောက် လေ။ သေဉ်လည်ကြောင်ဆိုတာ အနော်ရထာထက် ၂၉ဆက်လောက်ထင်ရဲ့စောတယ်လေ။ သေဉ်လည်ကြောင်ငယ်ဆိုတာလည်း ရှိသေး။ပျူစောထီး ထီးမင်းယဉ် ယဉ်မင်းပိုက် ပိုက်သေဉ်လည် သေဉ်လည်ကြောင် ကြောင်ဒူရစ် အစဉ်အဆက်ဆို မဟာရာဇဝင်ကျော်အဆိုအရ သေဉ်လည်ကြောင်နဲ့ အနော်ရထာ နှစ်၆၀၀ကျော်ကွာမှာ။ ဘာပဲဖြစ်ဖြစ် သူ့ထက်စောတာမရှိဘူးပေါ့။
( ညလေးသတ်လို့သေတာ)သေဉ်လည်ကြောင်နော်။ ကလေးတွေရှေ့မှားနေဦးမယ်။ ချမ်းမြေ့ ပျော်ရွှင် သင်နိုင်ပါစေ
ဆရာမ ဒေါ် စန္ဒာမောင် ၏ တောင်းဆိုချက်ကို တတ်သမျှရေးပေးခဲ့တာပါ။
၂၀၁၅ မှာ ဒီ အကြောင်းကို ဒီလိုလေး ရေးတင်တော့ လွပွတ္တာမှ ဆရာကြီးနဲ့ ဒီလိုဆွေးနွေးပြီး ခင်မင်ခဲ့ရပြန်ပါသည်။
ဧ - သရ ကို ( ပထမ နှင့် တတိယ ) အက္ခရာတို့ ဖြင့်သတ်လျှင် ( စ -သတ် သံ ၊ အစ် )ဟု ....၊ ( ည လေးသတ် လျှင် ( င -သတ်သံ ၊ အင် ဟု....၊ ထွက်ရကြောင်း သင်ဘူးပါသည် ... ။ သေသေချာချာ မမမှတ်မိတော့ပါ ...။ သို့ဆိုလျှင် သေဉ် ကို သင် ဟု ထွက်ပါက မှန်ပါသလား...၊ ကူညီပေးပါခင်ဗျား .... ။
ဟုတ်ကဲ့ပါဆရာကြီးခင်ဗျား။သိသမျှလေး ဂါရဝဖြင့် တင်ပြခွင့်ပြုပါ။ ဆရာကြီး၏စေ့စပ် သေချာမှုကို ထပ်ဆင့်ဂါရဝပြုပါသည်။ ဧ (အေ/အေး) သရပါသော ဉ် ကို ငသတ် (င်)သံဖြင့် ဖတ်ရမည်မှာ ပါဠိပါဌ်ဆင့်ဖတ်နည်းတွင် မှန်ပါသည် ခင်ဗျာ။ မြန်မာစာအဖွဲ့ကလည်း မြန်မာသဒ္ဒါ (၂၀၀၅ ဇွန် ပုံနှိပ်)စာအုပ် စာမျက်နှာ ၂၉၆။ ပိုဒ် ၆၈ တွင် ငသတ်သံဖြင့် ဖတ်ရကြောင်းဖော်ပြထားပါသည်။ ထို့ကြောင့် သင်ဟု အသံထွက်ရမည်ဖြစ်ပါသည်။ ဝိနာသမေန္တု ကို သာဓကပြပါသည်။ ကလေးကို "ညလေးသတ်လို့ သင်တာ"ဟု ကျွန်တော်သင်လိုက်ပါက သတ်ပုံမှားလာပါမည်။ လျှာနှင့် မဖြေရပဲ စာနှင့်ဖြေရန် အပြစ်လွတ်အောင် ကြံဆရပါသည်။ သေဉ်လည်ကြောင်သည် AD ၄၀၀ စုခန့်က ဖြစ်၍ မြန်မာအက္ခရာ မပေါ်သေးပါ။ မင်းအမည်များသည် ထိပ်ချင်းတိုက် ယူထားပါသည်။ ပါဠိအမည်လား။ မြန်မာအသံထွက်ကို မွန်ဘာသာမှ နည်းမှီး တီထွင်စ မြန်မာစာ ဖြင့် ရေးထိုးခြင်းလားတော့ မသိပါ။ မြန်မာအက္ခရာဗေဒ ကျမ်းနှင့် နည်းသစ် အင်္ဂလိပ်သဒ္ဒါကျမ်းပြု ဆရာကြီးဦးသောင်းလွင်က အသံထွက်နှင့်ပတ်သက်၍ သူ့ကျမ်း စာမျက်နှာ ၇၀ တွင် ပုဂံခေတ်မှစ၍ ယနေ့ခေတ်အထိ ဖြတ်ကျော်လာခဲ့သော ကာလအတွင်း ဖြစ်ပေါ်ချုပ်ငြိမ်းလေ ပြီးသော အသံတို့ အကြောင်းကို ရေးသားဖော်ပြနိုင်စွမ်းမရှိပါ။ ရေးသားဖော်ပြရန်လည်း မကြိုးစားပါ ။ကြိုးစား၍လည်း မဖြစ်နိုင်ပါဟု သူ့အယူအဆလေးကို ထည့်သွင်းထားပါသည်။ ကျွန်တော်ကတော့ မြန်မာစာကို ချစ်စိတ်တစ်ခုထဲဖြင့် လေ့လာနေသူမျှပါ။ မြန်မာစာနှင့်လည်း ဘွဲ့မရပါ။ ဝါဏိဇ္ဇဗေဒ ဘွဲ့လေးသာရှိပါသည်။ ယခု ဆရာကြီး၏ စေတနာ ဆွေးနွေးမှုကြောင့် နောင်သင်ကြားလျှင် ပါဠိပါဌ်ဆင့် ဖတ်နည်းအရတော့ သင်လည်ကြောင်လို့ အသံထွက်နိုင်ကြောင်း အိုးတန်ဆန်ခတ် မယုတ်မလွန်ပြော၍ သင်သင့်သည်ဟု ဆုံးဖြတ်မိပါသည်။ နောင်လည်း တပည့်အရင်းအချာပမာ သဘောထားကာ ယခုလိုထောက်ပြ ဆုံးမပါခင်ဗျာ။ ဆရာကြီး၏ post ဖြစ်သော ရှစ်တန်းအင်္ဂလိပ်စာ out lineကိစ္စ ဖတ်ရစဉ်က "တတ်မြောက်မှုနဲ့ ဂုဏ်သိက္ခာ" ဆိုသောဝေါဟာရလေးကို နှစ်သက်ခဲ့မိပါသည်ဆရာ။ ကျွန်တော့ ဆွေးနွေးမှုတွင် အမှားပါပါကလည်း ခွင့်လွှတ်ပေးပါရန် မှန်းဆရိုကျိုး ပန်ကြားပါသည်ဆရာကြီး ခင်ဗျား။
Ko Thant Zin ခင်ဗျား .. ဒုတိယနှစ်မှာ ပါဠိကို တစ်နှစ်တွဲယူရစဉ်က သင်ယူလေ့လာဘူးသဖြင့် ရခဲ့သည့် အနည်းငယ်သောအသိ ၊ သမိုင်းလေ့လာမှုမှ ခေါ်ဝေါ် သုံးစွဲဖြစ်ခဲ့သော အလေ့အကျင့်တို့ကြောင့် ( သင် .... ) ဟု ထွက်ခဲ့ရသည်ကို ဝိုးတဝါး မှတ်မိနေ သဖြင့် ၊ပြောပြနိုင်မည်ဟု ယူဆရသော ဆရာ ရှိနေခိုက် ပြန်သေချာအောင် မေးမိခြင်းသာဖြစ်ပါသည် ..။ မြန်မာစာကို သူတပါးအပေါ် ဆရာလုပ်ညွှန်ကြားရန် ကျွန်တော့်တွင် ၀မ်းစာမပြည့်ပါခင်ဗျာ .... ။
စာကို စာနှင့်တူအောင် နိဒါန်းပျိုးသည်မှ အစချီ၍ သေချာစွာသင်တတ်သောဆရာ ၏ သင်နည်းသင်ဟန်နှင့် သင်ကြားမှု အထုံ၀ါသနာကို စိတ်တွင် ထင်ထင်မှတ်မှတ် ရှိပါသည် ...။ သတိဖြစ်ခဲသော လူ့သဘာ၀အရ တစ်ခါတစ်ရံ အမှုမဲ့အမှား ရှိလာသည်ကို သတိပေးရန်ကိုမူ ကတိပြုနိုင်ပါသည် ....။ ဆရာ၏ မြန်မာစာ အရည်အသွေးအတွက် ထောက်ပြဆုံးမရန်မူ မဖြစ်နိုင်ကောင်းပါခင်ဗျာ ...။
(ပြန်ဖြေ) ကျွန်တော်သည် စာဖတ်အားတစ်ခုတည်းဖြင့် သင်ကြားလာခဲ့ရသည်မှာ ကလေးများအတွက် ဟုတ်လိနိုးနိုးဖြင့် သင်ကြားနေသော ဆရာတု ဆရာယောင်ဖြစ်မည်ကို အလွန်စိုးရိမ်ခဲ့ပါသည်။ ဤ group လေးကို တွေ့သောအခါ မိမိကို သွန်သင်နိုင်မည့် ပညာသိ အဝန်းအဝိုင်းကိုရှာတွေ့ခြင်းဟု ဝမ်းသာခဲ့ပါသည်။ ဆရာငတ်မွတ်နေသူ ပညာရူးသွပ်သူ အဖြစ် ထောက်ပြဝေဖန်ပေးသမျှ နာယူပါမည်ခင်ဗျ။
ကံ့ကော်ကောင်းကင်မြန်မာစာ

၂၀၁၆ မိမိတင်ပေးခဲ့သော မှတ်စုမှာ
သူ့ဘဝ သူ့အလှ သူ့နှလုံးသား ကိုယ်ကျင့်တရား ပန်းစံကား
႕႕႕႕႕႕႕႕
ခံစားမှုဆိုသည်မှာ ရင်နှင့်မမျှဖြစ်လာလျှင် စဉ်ဖိတ်ပွင့်လျှံ အန်ထွက်တတ်စမြဲ ဖြစ်ပါသည်။ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သော ဤ ကဗျာလေးတွင် ထိုသဘောကို တွေ့မြင်ရပါသည်။ ရေးသူအမည်မသိရသော မိဘမဲ့ -လင်္ကာ (သို့)အချင်းငယ် ကဗျာတိုလေးတွင် ရှေးမြန်မာအမျိုးသမီးတို့၏ ကိုယ်ကျင့်တရားနှင့် မေတ္တာကြီးမားမှုက အနှစ်သာရအဖြစ်ပါဝင်နေပါသည်။ ပုဂံခေတ် လုံမပျိုလေးတစ်ဦးက သူ့ဘဝ သူ့အလှ သူ့နှလုံးသားနှင့် သူ့ကိုယ်ကျင့်တရားတို့ကို ပုပ္ပားတောင်ရှိ စံကားဝါပန်းတို့၏ အလှနှင့် ယှဉ်ကာ နိဒါန်းချီထားသည်ကပင် ကဗျာဖတ်သူ၏ ရင်ကို ငြိမ့်ခနဲ ခံစားမှုတစ်ခု ပေးစွမ်းပါလိမ့်မည်။
မင်းမဟာဂီရိနတ်မင်းကို တိုင်တည်ဟန် (သိုးကလေ )ဆိုသည့် အာလုပ်စကားလေးက ဖတ်ရှုသူ၏ နားသောတအနီး ခပ်ရှရှလေး ဖြတ်တိုက်ပြေးသွားသလို ခံစားလိုက်ရသည်။
ပုပ္ပားသည် အခေါင်အဖျားတိုင်အောင် မြင့်မားလှပါသည်။ မင်းမဟာဂီရိ အစရှိသည့် နတ်အပေါင်း ပျော်မြူးစံမြန်းရာ ဌာနလည်း ဖြစ်ပါ၏။ သစ်ပင်ခြုံနွယ်များ ထူထပ်များပြားစွာပေါက်ရောက်လျက်ရှိပါသည်။ ရွှေဟုပင် ယိုးစွပ်တင်စား ထင်မှားလောက်သော စံကားဝါပန်းတို့က ချိန်သင့်ခါသင့် ဖူးငုံပွင့်လျက်။ စံကားရနံ့ မွှေးရှရှက တောင်တော်ပုပ္ပားတစ်ခုလုံး သင်းပျံ့ကြိုင်လွင့် ဝင့်ထည်လွန်းလှပါသည် ဟု လုံမပျိုလေးက မဟာဂီရိနတ်မင်းကို ဦးခိုက်တိုင်တည်မှုက မှန်သောသစ္စာဆိုနေသယောင်ပင်။
႕႕႕႕႕
လုံမပျိုလေးသည် စံကားဝါပန်းပွင့်လေးနှင့် နှိုင်းယှဉ်တင်စား၍ရအောင် တင့်တယ်လှပပြီး မြတ်နိုးစရာ ကောင်းသူဖြစ်ကြောင်း နတ်မင်းရှင်ကို မိတ်ဆက်သည်။ ရဲရင့်သော မင်းမှုထမ်းမျိုးနွယ်မှ အမျိုးကောင်းသမီးလည်းဖြစ်သည်။ နူးညံ့စင်ကြယ်သော ညက်လှပြာစင် အသားအရည်ဖြင့် ညိုပြာညက်အလှသွေး ရှိသူပါဟု ဆိုသည်။ မယ့်ချစ်သူ မောင်ကြီး၏ အမြတ်နိုးခံ နှမလေးဖြစ်ကြောင်းနှင့် ချစ်သူမောင်ကမူ ခရီးလှည့်လည်နေရသော မင်းမှုထမ်း ဖြစ်ပါကြောင်း သူ့ဘဝနှင့် သူ့အလှကို ထပ်ဆင့်တိုင်တည် ပါတော့သည်။
႕႕႕႕႕
သူ့နှလုံးသားနှင့် သူ့ကိုယ်ကျင့်တရားကို သစ္စာတိုင်မှုကလည်း နူးညံ့သည်။ တည်ကြည်သည်။ ချစ်သူမောင်ကြီးနှင့် သံယောဇဉ်နိဒါန်းဦးက ဦးစွန်းကို ကြက်တောင်စည်းတတ်စအရွယ်က စခဲ့သည်။ တစ်ပတ်လျှို မြိတ်လွတ်ဆံထုံး ထုံးတတ်စတွင် ရင်းနှီးမှုရင့်သန်အောင် သမုဒယတရားတို့ဖြင့်အရင်းအနှီးပြုသည်။ ငယ်ကတည်းက ကျွမ်းဖွဲ့နှောင်ရစ် ရင်၌ဖြစ်တည်ရသော သည်းဦးဖူးစာရှင် က(မွေးဖတူရင်း) မိမိကိုမွေးဖွားသော ဖခင်နှင့် တူညီသောမေတ္တာမျိုးကို ပေးစွမ်းနိုင်လောက်အောင် ရင်းနှီးသည်။ မျိုးချင်းခြုံ၍လုံရသော ဆွေချင်းထပ်၍ မြတ်ရသော ချစ်သူမောင်ကြီးအပေါ် ချစ်ခြင်းတရားများ စုရုံးပေါင်းစည်း ထားသည်။ နှလုံးစိတ်ဝမ်း ကွဲပြားခြားနားမှုမရှိ စိတ်တူကိုယ်တူ။ သက်ထက်ဆုံး ရာသက်ပန် ရိုးမြေကျ သစ္စာတရားကို စောင့်သိသွားကြမည် ဖြစ်ပါ၏။
႕႕႕႕႕
မိမိမိတ်ဆွေရင်း မဟာဂီရိနတ်မင်းရှင်။
ငယ်ကျွမ်းဆွေ မိမိ၏ချစ်သူ မင်းခစားယောက်ျားမှာ ရွှေခါးစည်းပဝါနှင့်အတူ နံကြီးပိတ်ချောအထည်ကို သန့်သန့်ခန့်ခန့် ဝတ်ဆင်တတ်သူ ဖွံ့ထွားစိုပြည် ကိုယ်နေစင်ကြယ်သူဖြစ်သည်။ အချစ်လွှမ်းအဇ္ဈတ္တဖြင့် ချစ်ခင်ကြင်နာသူလည်း ဖြစ်ပါ၏။ ရေမြေ့သခင်ကပင် အမတ်ကြီးအဖြစ်လျာထားသူ အဆင်းရောအချင်းရော ပြည့်စုံသည့် ချစ်သူမောင်ကြီးအပေါ် အတူမရှိ အတုမရှိသော မေတ္တာထား နှစ်သက်ရပါကြောင်း "မယ်သာကြိုက်မိ တုမရှိ" ပွင့်လင်းရိုးသား နှစ်ကိုယ်ကြားတိုင်တည်။
႕႕႕႕႕
ရှေးမြန်မာ အမျိုးသမီး ဂုဏ်ရည်နှင့် နိဂုံးချုပ် အမှတ်ယူ
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင် မြန်မာစာ
2-5-2017 (Tue)

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်