မကြုံသေးဘူးဆိုပေမဲ့ ကြုံရင် ဘယ်လိုရှင်းမလဲလို့ ကြိုတွေးထားတာ မမှားပါဘူးဗျ။ ဆရာ မောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဖတ်ထားဖူးတာကိုး။

သင်ပေးဆိုတော့လဲ သင်ပေးရမှာပေါ့။ ၂၁ ရာစု ကလေးတွေရဲ့ အတွေးက ထက်တယ်နော်။ လူကြီးပြောသမျှ လက်ခံမယ်တော့ မထင်နဲ့။ ဝိဘဇ္ဇ အညွန့်အညှောက်တွေမို့ ဟောက်တာခြောက်တာနဲ့ အညွန့်တုံးအောင်လဲ စေတနာကြီးတဲ့ ဆရာတွေက လုပ်လေ့မရှိဘူးလေ။ ကိုယ်ပြန်မဖြေတတ်တဲ့ သူတို့အမြင်လေး သူတို့အ‌ေမး‌ေလးတွေ မြည်းကြည့်ဖူးပါသလား။

ယောက်ျားအမှန် ကို ကိုယ်တိုင်ဖတ်ထားဖို့ ခိုင်းခဲ့ပြီး နောက်နေ့ ပြန်ဆွေးနွေးတယ်။ အဲဒီဝတ္ထု ကြိုက်လား မေးတော့ မကြိုက်ပါဘူးတဲ့။
မကြိုက်တာတွေ ပြောပြစမ်းပါဦး။ ဘထွန်းအကြောင်းက စ ပြောပါသမီးဆိုတော့-

“သူက ‌ဝတ်လုံတဲ့။ ဝတ်လုံ ဆိုတာ ရှေ့နေ ပညာတတ်ပဲ။ ဒါပေမဲ့ ပညာတတ်တစ်ယောက်ရဲ့ စိတ်မျိုးမရှိဘူး ဘဘ”
“ဘယ်လိုမရှိတာလဲ သမီး”
“ကိုယ် အခက်အခဲတွေ့ချိန် အကူအညီတောင်းချိန်တောင် မိန်းမ လှလှ တွေ့ရုံနဲ့ ရင်ထဲဘာလိုလို ဖြစ်တတ်သူဆိုတော့ ရိုးသားမှုနည်းတာပေါ့ ဘဘရဲ့။ နောက်ပြီး အိပ်ခါနီးလဲ လင်ယောက်ျားရှိပါတယ်ဆိုတဲ့ မိန်းကလေးဆီ သူ့စိတ်ရောက်နေတာ ဖုံးမရ ဖိမရ ပေါ်လွင်နေတာပဲ။ ဥစ္စာစောင့်ဆို ကော်တာပဲ ဆိုတာက ပါသေး”
“ဟုတ်သားဟ ဆက်ပြောဦး”
“ ပညာတတ်ပြီးတော့ လူသားစားကျတ် ဆိုတာလည်း ယုံတဲ့သူပဲ။ ကျတ် ယုံ၊ ဥစ္စာစောင့် ယုံ ရုံတင်မကဘူး။ တစ္ဆေပါ ယုံတဲ့ ရှေ့နေဆိုတော့ စိတ်ဓာတ်က အတော်အားနည်းပြီး အတွေးကိုက လက်တွေ့မကျပါဘူး ဘဘရယ်။ ငကြောက်ကြီး”
“ဟေ”

ကျွန်တော် မငြင်းနိုင်ပါ။ ဆရာကြီးပီမိုးနင်းကိုသာ သူနဲ့ တိုက်ရိုက်တွေ့စေချင်ပါတော့တယ်။ သူ့အမြင်ကိုလဲ ဆက်နားထောင်ချင်သေးတာက အမှန်ပါ။ ကိုယ်မမေးခင် သူက စာအုပ်ဖွင့် လက်ညှိုးထောက် ပြောပြန်ပြီ။
“အိမ်ရှင်ကျွေးတာ စားရင်းနဲ့တောင် မျက်လုံးက ဣန္ဒြေမရှိဘူးလေ။ သမီးဖတ်ပြမယ်။ (ပိုမိုလှသည်ဟု ထင်မှတ်ရသော မိန်းမပျိုကို ကျေးဇူးတင်သော အမူအရာနှင့် မကြာမကြာ ကြည့်ရင်း စားလေ၏) တဲ့။ ငမ်းသလို ဖြစ်နေမှာပေါ့ ဘဘ” ကလေးက ရယ်ရင်းပြောပြနေတယ်။
“အင်း” ကျွန်တော့် အင်းက အသံသိပ်မပါတော့။


“ဘဘ၊ အဲဒီမှာ ပိုမိုလှသည်ဟုထင်ရသော ဆိုတာ သူ့မျက်လုံးထဲ မိန်းမပျိုက ပို လှ လာတာလား။ စားစရာတွေ ပိုမိုများပြား ဧည့်ခံတာလား။”
ဖတ်ကြည့်တယ်။ ကျွန်တော်က သူပြတဲ့ ဝါကျကို ရှေ့စာပိုဒ်နဲ့ ဆက်စပ်တယ်။ ကိုယ်တိုင်လည်း မရှင်းတော့ ညာလည်းမပြောချင်။
“နှစ်မျိုးလုံးဖြစ်နိုင်တယ်သမီး။”
“ဒါဆို ဆိုချင်တဲ့ အဓိပ္ပာယ်မရောက်တဲ့ ဝါကျပေါ့နော်။”
ကျွန်တော် ပြန်မဖြေဘဲ အော်စတင်ကားစုတ်လို ဇွဲလုပ် နေခဲ့မိပါတယ်။

“နောက်ထပ် သမီးမကြိုက်တဲ့ ဇာတ်‌ဆောင်စရိုက်ရှိသေးလား”
ကိုယ်မေးလိုက်တာက စာသံပေသံ ပါသွားတယ်။ ကလေးက အေးဆေးပါပဲ။
“အဲဒီရှေ့နေစရိုက်က စကားပြောတာ အတော်ရိုင်းတာ ဘဘရဲ့။”
စောစောက စိတ်၊ အခု နှုတ်။ စာစကားနဲ့ဆို ကံသုံးပါး အပြုအမူပေါ့။ ကိုယ်လဲ ပြန်နာယူရုံ။
“ဘယ်လိုတွေ တွေ့လဲ သမီး”
“မိန်းကလေးတစ်ယောက်နဲ့ စကားပြောတာ အပျိုရှာကညာတွေ့ လို့ ပြောသင့်မပြောသင့်ကို ရှေ့နေဖြစ်ပြီး မဆင်ခြင်ဘူးလေ။ တခြား ပြောလို့ ရတာတွေရှိတာပဲ။ ရေငတ်တုန်းရေတွင်းထဲကျ တယ်ဆိုတော်သေး။”
ကလေး ပါးစပ်လက်အုပ်ပြီး ရယ်နေတယ်။ ပြီး အရှိန်ရတုန်း ပြောပြန်ရော။
“ဒေါသဖြစ်တာလဲ ဖြစ်တာပေါ့။ စရိုက်က ပေါ်လာရော။ ဒီကောင်မ ဒီကောင်မ နင့်လင် ဆိုတာ မိုးမွှန်နေတာပဲ”
ကျွန်တော် ရေဆာလာပါတယ်။ ရှင်းပြတာက သူ။ ဆက်ပြောခိုင်းသင့်လား။
ရေနွေးငှဲ့ရင်း မောသက်ပြင်းနဲ့။
ယောက်ျားအမှန်ကြီးရယ်။ နင်တော့ သေပြီ။
မိန်းမပျိုအကြောင်း ဆက်မေးချင်သေးတယ်လေ။ ကလေး ဘာတွေပြောမလဲ။
“ဆရာဝန်မလေးကရော သမီး”
“သူတို့ခေတ်တော့ မသိဘူးလေ ဘဘ။ ဒီခေတ် ဆိုရင်တော့ ရဲတင်းလွန်းတယ်။ မဆင်ခြင်ဘူး လို့ ပြောလိုက်ချင်တယ်။ လူဆိုး လူကောင်း အကဲခတ်တာ နည်းလွန်းတယ်”
“ဖျတ်ထိုးဉာဏ်တော့ ရှိပါတယ်။ ဒါပေမဲ့ လိမ်ပြောတတ်တာ ညာပြောတတ်တာက အကျင့်ရှိသလားမသိဘူး။ မလိမ်နဲ့ပေါ့။ မီးလောင်တော့ ရောက်လာသူတွေ ရှိတာပဲ။ အဲဒီလူတွေ ရှိတဲ့ ဟိုဘက်ခြံကြီး ဆီကို ကားပျက်သူရောက်လာထဲက အကူအညီ သွားတောင်းခိုင်းလိုက်ရင် ရတာပဲဟာ။”
“အေး ဒါလည်း ဟုတ်သား”
“မီးမလောင်ဘဲ မနက်လင်းလို့ ဟိုဘက်ခြံက လူတွေက ဒီဆရာဝန်မလေးဟာ ညကြီးအချိန်မတော် ကားနဲ့လာတဲ့ ယောက်ျားနဲ့ အိမ်တစ်လုံးတည်း နှစ်ယောက်တည်း တစ်ညကုန်သွားတယ်လို့ စူးစမ်းရင် သိက္ခာကျ မှာ သူမတွေးဘူးလားဘဘ”
တော်ပါပြီ။ ဆက်မမေးရဲတော့ပါ။
မီးငြှိမ်းရမဲ့ အချိန် ငှက်ပျောတောထဲ လွတ်လပ် ကြည်ဖြူ အကြည်ဆိုက်နေတာထိ သူ ထောက်ပြ နေမှ မိန်းမပျိုရဲ့ ထိုးထွင်းဉာဏ်က အရောင်မထွက် ဖြစ်ချေတော့မှာ။
ဝတ္ထုသဘောတရား ပျိုးနှိုးတက်ထွတ်ဆင်းသိမ်း ဘက် ဖိပြောရင်း အချိန်ကုန်ဖို့ ၊ နောက်နေ့မှ ရည်ရွယ်ချက်နဲ့ အသိအမြင်ဘက်လှည့်တော့မယ်။ ကာရိုက်တာနဲ့ ဇာတ်ကွက်ဖန်တီးပုံမှာ လေ မရှည်ချင်တော့ဘူးလေ။
ဧည့်ခန်းဘက်ဆီက အသံမကြားရတဲ့ တီဗွီဖန်သားပြင်မှာ ဆပ်ကပ်ပွဲလားမသိ။ ကျားကြီးတစ်ကောင် မီးကွင်းတွေတစ်ကွင်းပြီးတစ်ကွင်းထဲ ခုန် ခုန် ဝင်ပြနေတယ်လေ။ ကျွန်တော့်မျက်လုံးထဲ ကျားကြီး နေရာမှာ — — — — — — — — -

စေတနာဖြူဖြင့်
ကိုရင်သန့်

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်