သရသံအကြောင်း ထပ်ဆောင်းသိဖို

 


တစ်တန်း နှစ်တန်း ကျောင်းသားဘဝကို မှတ်မိသေးတယ်။ အဖေအလုပ်နားတဲ့နေ့ စျေးသွားမယ်ဆို ကျွန်တော် အဖေ့နားက မခွာတော့ဘူး။ စျေးလိုက်ချင်တဲ့ ကလေးပေါ့။ အဖေကလည်း တပြုံးပြုံးနဲ့ ခေါ်သွားတာပါပဲ။ အမေမှာတာတွေ၊ အိမ်မှာလိုအပ်တာတွေ ဝယ်ရင်း မုန့်လုံးကြီးဖြစ်ဖြစ် ငှက်ပျောကြော်ဖြစ်ဖြစ် တစ်ခုခုပေါ့။ အဖေဝယ်ပေးတာကိုစားရင်း စျေးက ပြန်ထွက်။ မျက်လှည့်ဝိုင်းတို့ မြွေအလမ္ပာယ်ဝိုင်းတို့ တွေ့ရင် သိပ်ကြည့်ချင်တာ။ လင်ကွင်းသံ တချမ်းချမ်း၊ ဘင်သံ တဒိန်းဒိန်း ကိုး။ ဒါပေမဲ့ လူအုပ်ကြီးရဲ့ ခြေထောက်တွေ ကျောတွေ တင်တွေက ကိုယ့်အရပ်ကလေး နှစ်ပေခွဲလောက်ကို ကွယ်ကာထားတော့ ဘယ်မြင် ရမလဲ။

“ခဏကလေးပါ အဖေရာ။ ကြည့်ချင်လွန်းလို့ပါ” ဆို အဖေက အထုပ်အပိုး တစ်ဖက်နဲ့ သူ့ ဇက်ပေါ် ကျွန်တော်ခွစီးဖို့ ပခုံးထက် ခွတက်စေတယ်။

“ ဟေး၊ မြင်ရပြီကွ”

ကိုယ်အမြင် ပီပြင်ဖို့ အဖေပခုံး အားပြုပြီး ပီတိတွေ ဖြစ်ခဲ့တာ။


ကျွန်တော့်စာတွေက တူလို သားလို ညီလို မြန်မာစာ ဆရာကလေးတွေ၊ သမီးလို နှမလို တူမလို မြန်မာစာဆရာမကလေးတွေ အတွက်ပါခင်ဗျာ။ ပညာ ဝါ သမ္ဘာ ကြီးရင့်သူများ ကျော်လွှားသွားကြပါ။

ဆရာ ဆရာမလေးများခင်ဗျာ။

အကူအညီယူပါ။ တက်ပါ။ ပညာကို မြင်အောင်ကြည့်ပါ။ အမြင့်လှမ်းမှာဆို ခိုင်မာငြမ်းကို အကူအညီယူပါ။

မြန်မာစာဘာသာရပ်မှာ စေတနာကြီးရင့်သူ ဆရာ ဆရာမကြီးတွေက မတွန့်မတို မငြိုမငြင် ပညာကို ရှင်းပြကြပါတယ်။ ကျွန်တော်လည်း သင်ယူဆဲပါ။ ကဲ စကြပါစို့။


သင်ရိုးသစ်ထဲ ဘယ်လိုရေးထားမယ်ဆိုတာ သိသူတွေလည်းသိ ဖတ်ရသူတွေလည်း ဖတ်နေကြရပြီလို့ ထင်ပါတယ်။ ကျွန်တော်က တော့ သရသံ ဆိုတဲ့ မာတိကာ ရေးထားတာတွေ့တာနဲ့ ဆရာကြီးမောင်ခင်မင်ရဲ့ သရဆိုင်ရာ ပညာဝေမျှဆုံးမမှု ဆောင်းပါးတွေကို လက်လှမ်းမီသရွေ့ ပြန်ရှာဖတ်ပါတယ်။ မြန်မာသဒ္ဒါ စာအုပ်နီကြီးရဲ့ အဆင့်မြင့်ပညာအတန်းအတွက်ရေးတဲ့ အတွဲ-၃ က အပိုင်း ၂ ကို ပြန်ဖတ်ပြီး မှတ်စုထုတ်ပါတယ်။

အသံထင်ရှားမှုမရှိတဲ့ ဗျည်းအတွက် အမှီခံက သရသံ ပါပဲ။ သူက စကားသံဖြစ်အင်္ဂါ ပိတ်ဆို့ကွယ်ကာတာကိုမှ မခံရဘဲ။

အဆုတ်ထဲကလေ → လည်ချောင်းထဲကအသံကြိုး → တုန်ခါစေ → ခံတွင်းရောက် → အတားအဆီးမရှိ → လွတ်လပ်စွာထွက်လာ တာ သရသံပါပဲ။

ဆရာလေး/ဆရာမလေးတို့ ခင်ဗျာ။

ကိုယ်က သင်ကြားပေးရမှာဆိုရင် ကိုယ်တိုင်က နှစ်နှစ်သက်သက် ချစ်ချစ်မက်မက် လှိုက်လှိုက်လှဲလှဲ နှိုက်နှိုက်နှဲနှဲ သိထားသင့်တာပေါ့ခင်ဗျာ။ ပြဋ္ဌာန်းထဲက စာကို အတန်းရှေ့ကနေ ဖတ်ပြရုံဆိုတာ အနာဂတ်အဆိပ်ထည့်တဲ့ ပြစ်မှုလို့ ကျွန်တော့်ဆရာတွေ ဆုံးမကြပါတယ်။

သင်ကြားကြတဲ့ အခါ g11 သရသံ သင်ခန်းစာမှာ- သရသံရိုးရိုး ခုနစ်သံက သွား စ လိုက်ရင် အခြေခံသရ ၁၁ လုံး “ အ၊ အာ၊ ဣ၊ ဤ၊ အု ၊ အူ၊ ဧ၊ အဲ၊ ဩ၊ ဩော်၊ အို” ဘယ်လို ပျောက်သွားတာလဲလို့ ကျောင်းသား ထမမေးတောင် ကိုယ်တိုင်က မရှင်း လို့ ရွာလည်နေပါမယ်။

အတတ်နိုင်ဆုံး လေ့လာထားပါ။




အခြေခံသရ ၁၁ လုံးကို သံတို/သံရှည်/သံလေး ကိုယ်တိုင်ခွဲကြည့်ပါ။ (ကျွန်တော့်လက်ရေးဇယား- ၁)

ပြီးတော့မှာ အခြေခံ ကို မူလ ပွားပုံကိုလေ့လာပါ။ မူလသရဆိုတာ ရပ်သံ နှာသံ မဟုတ်တဲ့ သရ ပါ။




အခြေခံ ၁၁ ကို တိုရှည်လေး နဲ့ ဖမ်းရင် မူလ ၂၂ သံ ထွက်လာပါပြီ။ (ကျွန်တော့်လက်ရေးဇယား- ၂)

အဲဒီထဲက သံရှည် ၇ သံသည် ရိုးရိုးသရသံအဖြစ် သတ်မှတ်တည်ရှိနေတာပါ။

အာ အီ အူ အေ အယ် အော် အို

၇ လုံးပါ။

ဒါကိုမှ လျှာအနေအထားအရ ရှေ့သရ နောက်သရ။

နှုတ်ခမ်းအနေအထားအရ ပြန့်သရ ဝိုင်းသရ။

ဆိုပြီး ခွဲတော့ (ကျွန်တော့်လက်ရေးဇယား- ၃)

ရှေ့ပြန့် နောက်ဝိုင်း ၂စုစီ ဖွဲ့တာမှာ-

အီ အေ အယ် အာ တစ်စု

အော် အို အူ တစ်စု

သရသံရိုးရိုး ခုနစ်ခု


ဟော- အတန်းထဲ အော်မှတ်ခိုင်းဖို့ Short cut teaching note လေးတောင် ဖြစ်သွားပြီ

ဒါ့ကြောင့်

တိုရှည်လေး လုပ်ပြီးသူ
ဒီရေသယ်လာ
ဂေါ်ကိုယူ


ဒါဆိုရင်

ခင်ဗျားအတန်းဟာ ခင်ဗျားကိုယ်တိုင်သိပြီး သင်နေတဲ့ ပျော်စရာ သဒ္ဒဗေဒ အချိန်ပေါ့ဗျာ။

အဲဒီကမှ နှာသံသရနဲ့ ရပ်သံသရ ဆီ ဆက်ကူးသွားပေါ့။


လင်ကွင်းသံ တချမ်းချမ်း၊ ဘင်သံ တဒိန်းဒိန်း

ပုလွေသံ ကျူချိန် စံနစ်သစ် g11 စကားသံသဘောတရားမြွေဟောက်လိမ္မာကြီးဟာ သဒ္ဒါအလမ္ပာယ်ဆရာ ခင်ဗျားရဲ့ ရှေ့မှာ ပါးပျဉ်း ခွက်ပြီး ဘယ်ညာယိမ်းနွဲ့ လှတပတ က နေမှာ ကျုပ် မြင်နေပြီဗျို့။


မုဒိတာသန့်သန့် စေတနာစင်စင်

ကံ့ကော်ကောင်းကင် ကိုသန့်ဇင်

၀၄၀၅၂၂





Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်