ရဝေရှင်ထွေးကဗျာမှခံစားချက်ဖော်ပြခြင်းကိုအခြားကဗျာနှင့်ယှဥ်လေ့လာခြင်း
အဖတ်အရွတ်သင်ခန်းစာတွေဆိုလို့ ဖတ်ရုံရွတ်ရုံနဲ့ပြီးသွားတာ မဟုတ်ဘူးကလေး။ မင်းရဲ့ စာပေအပေါ်မှာ ထားတဲ့စိတ်ထား၊ ခံစားနိုင်စွမ်း၊ ပြင်ပစာရသခံစားမှု၊ သုတစုဆောင်းမှုတွေကိုပါ စနစ်သစ်ပြဋ္ဌာန်းချက်က တာဝန်ယူထားပါတယ်။ စနစ်ကျတယ်။ မင်းသာ မခိုမကပ်ဆိုရင် မင်းနှလုံးသားဥယျာဥ်ထဲ ရသပန်းတွေပွင့်တော့မှာ။
အော်ကျက်မယ်ဆိုတဲ့ အမူအကျင့်ဆိုးကြီးကို တဖြည်းဖြည်း ဖြတ်ကြရမှာပါပဲ။ နှိုက်နှိုက်နှဲနှဲ တွေးဆမယ်။ “ငါသာ သူ့နေရာမှာဆိုရင်” ဆိုတဲ့ စိတ်ထားကလေးနဲ့ဆို ကဗျာတွေရွတ်ရင်း ပုဂံခေတ်လုံမပျိုဖြစ်လိုက်၊ ဟတ္ထိပါလသူကောင်းသား ဖြစ်လိုက်၊ ရှင်ထွေး ဖြစ်လိုက်၊ ဦးမြတ်စံလိုလောကဓံ ကြုံလိုက်နဲ့ စာပေပျိုးခင်းထဲ ဘယ်လောက်ပျော်စရာကောင်းမလဲ — နော်။
မပန်ရလည်းမပန်ချင်ကဗျာကို ခံစားချက်အန်ထုတ်တဲ့ အခြားစာတစ်ပုဒ်နဲ့ နှိုင်းယှဥ်လေ့လာတာမျိုး လုပ်ပြပါဆို မင်းဘယ်လို ဖြေရှင်းမလဲ။ မင်းရသခံစားမှုကိုယ်ခံကို ပညာအမြင်နဲ့ ဒီလိုစစ်ဆေးစမ်းသပ်ခဲ့ရင် မင်းမှာ ပြင်ပစာ လေ့လာမှု ရှိမှ ဖြစ်တော့မပေါ့။ အခု ဆရာသင်ပေးမယ်။
ဒါပေမဲ့ အခုသင်ချိန်ယှဥ်ပြတဲ့ ကဗျာကို မင်း စာဖြေချိန် အသုံးချခွင့်မရှိတော့ဘူး။ အဲဒါ ကတိပေးရမယ်။ အခုသင်ပေးတာက ဆရာ့ရွေးချယ်နှိုင်းယှဥ်ချက်မို့။ ပြန်ဖြေလာရမှာက မင့်း ရွေးချယ်နှိုင်းယှဥ်ချက်စစ်စစ် ဖြစ်နေသင့်တယ်။
မပန်ရလည်းမပန်ချင် ကဗျာက ရဝေရှင်ထွေးရဲ့ နှလုံးသားမှတ်တမ်း။ တောင်ငူဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်သူနန်းတက်တော့ နန်းမတော်မိဖုရားကြီးက ဟံသာဝတီ ဘုရင့်နောင်ရဲ့သမီးတော်ကြီး မင်းခင်စော။ နှစ်ဖက်အမျိုးရဲ့ ဂုဏ်ဒြပ်က အထွတ်အထိပ်တွေ။ ဒီမင်းနဲ့ ဒီမိဖုရားရဲ့ ရင်သွေးက နတ်ရှင်နောင်။
ဒီလိုမင်းသားကို ရဝေရွာစားရဲ့ သမီးငယ်ကလေးက ဘယ်လောက်ချစ်ချစ် ဘယ်လောက်မြတ်နိုးတွယ်တာမိစေဦးတော့။ ဘယ်လိုမှ မျှော်ကိုးစိတ်ကူးယဥ်လို့ မဖြစ်နိုင်တဲ့ဘဝမှန်းသိတယ်။ မခံစားရဲသမျှ ကံတရားလွှဲမချဘဲ ရဝေရှင်ထွေးက ဘဝအခြေအနေမှန်ကို အရှိအတိုင်းလက်ခံတယ်။ ပုထုဇဥ်မာနနဲ့ “ပန်ခွင့်မရမပန်ဘူး၊ စားခွင့်မရမစားဘူး၊ ကြင်ခွင့်ချစ်ခွင့်မပြောနဲ့ လွမ်းခွင့်မရရင်တောင်မလွမ်းဘူးဟေ့”လို့ စိတ်ချုပ်အံကြိတ် နာကျင်စိတ်နဲ့ သက်ပြင်းရှိုက် လက်သီးဆုပ်တဲ့၊ ကံညှင်းသမျှ မာန်တင်းပြတဲ့ ခံစားချက် စဥ်ပွင့်ထွက်မှု မဟုတ်လား။
ခံစားချက်ဆိုသည်မှာ ရင်နှင့်မမျှဖြစ်လာလျှင် စဥ်ဖိတ်ပွင့်လျှံ အန်ထွက်တတ်စမြဲဖြစ်ပါသည်။ အမျိုးသမီးစာဆိုတို့၏ ခံစားချက်ဖော်ပြသော စာနုကဗျာတေးလင်္ကာတို့အနက် တောင်ငူခေတ် စာဆို ရဝေရှင်ထွေး၏ အန်ချင်းများမှ ထုတ်နုတ်ချက်ကို လေ့လာခံစားမိပါသည်။ ထိုကဗျာကို မိမိဖတ်ရှုနှစ်သက်ဖူးသော အခြားစာဆို၏ ကဗျာတစ်ပုဒ်နှင့် ခံစားချက်ထုတ်ဖော်ပုံချင်း နှိုင်းယှဥ်မိပါသည်။
စာဆိုရဝေရှင်ထွေးသည် စောလေ ဟူသော အာလုပ်စကားဖြင့် ဖော်ချင်းတို့လေ ဖော်ချင်းတို့ဟု တိုးတိုးဖော်သူငယ်ချင်းများကို တိုင်တည်ပြောနေဟန် ရေးဖွဲ့ထားပါသည်။
ပန်ခွင့်မပြုဘူးဆိုလျှင် မပန်ဆင်ချင်ပါ။ တွယ်တာမိသူသည် အဆင်းရနံ့ သင်းပျံ့မွှေးသော ပွင့်ချပ်သစ် ပွင့်ဖတ်သစ် ဝတ်မှုံသစ် ဝတ်ဆံသစ် ဟိမဝန္တာ ဂန္ဓာမာဒနတောင် နန္ဒမူပတ္တမြားလှိုဏ်ဂူမှ မဉ္ဇူသကနတ်ပန်းနှင့်ပမာပြုဖွယ်ဖြစ်နေကြောင်း။ မိမိနှင့် မထိုက်တန်ပါကြောင်း။ ရာဇသွေး မင်းသမီးအစစ်နှင့်သာထိုက်တန်ပါ၍ အတိတ်က ဘုန်း၊ ပစ္စုပ္ပန် က ကံ ကြီးရင့်သူသာ ပန်ထိုက်ပါကြောင်း ဖြေသိမ့်အတွေးချဲ့ ရေးဖွဲ့ပါသည်။
ထို့နောက် ဆက်လက်၍ ဘဝအခြေ မညီမျှပုံကို ကွာဟလွန်းပုံကို “မကြင်ရလဲ မကြင်ချင်၊ သမင်နှင့်ကျား၊ မြွေနှင့်ဘားသို့၊ ကျောက်သားကြက်ဥ၊ စံတုနိုင်းအင်၊ အရှင်နှင့်ကျွန်၊ ဘုန်းမတန်သည်” ဟု အရှိအတိုင်းရှုမြင် ဖြေသိမ့်ခံစားပါသည်။
မချစ်ရ မလွမ်းရလျှင်လည်း မချစ်ချင် မလွမ်းချင်ကြောင်း၊ ကျွန်နှင့်သခင် ဆိတ်နှင့်ဆင်လိုဘဝ ဘုန်းမတန် ကံမမျှမှုကို လက်ခံပြီး မမီပန်းကို တုံးခုမလှမ်းလိုဟန် သက်ပြင်းခိုးရှိုက်ခံစားဖွဲ့ဆိုပါသည်။ မြတ်နိုးတန်ဖိုးထားမှုအတွက် “နတ်ရှင်မင်းဖြား၊ တရားကျော်စွာ၊ ဥပရာကို၊ ရှိကြာထိပ်စွန်၊ ပန်းနှယ်ပန်လျက်၊” ဟု ချစ်သူ အိမ်ရှေ့ဥပရာဇာ နတ်ရှင်နောင်၏ အမည်ကိုပါ တိုးတိုးရေရွတ်ဟန် ရှိခိုးဦးတင်ရိုကျိုးခစားဟန် ရင်နင့်ဖွယ် ရေးဖွဲ့ထားပါသည်။
အမျိုးသမီး၏ ခံစားချက်ဖွင့်ဟမှုကို လေ့လာစီးမြောရင်း အမျိုးသား၏ ခံစားချက်ဖွင့်ဟမှု ကဗျာတစ်ပိုဒ်ကို မှတ်မှတ်ရရ ဖြစ်မိပါသည်။ ခေတ်စမ်းစာဆို ဆရာကြီးမင်းသုဝဏ်၏ ရေးဖွဲ့မှုဖြစ်ပြီး နှင်းဆီပွင့် ဟု ခေါင်းစဥ်ပေးထားပါသည်။ နတ်ရှင်နောင်နှင့် ရဝေရှင်ထွေးတို့ကဲ့သို့ မဟာဆန်ဆန်နှင့် ကဗျာဆန်မှုတော့ မဟုတ်။ လယ်သမားလုလင်ပျိုလေး၏ မြန်မာဆန်ဆန်နှင့် ကဗျာဆန်မှု ဖြစ်ပါသည်။ ဒွေးချိုးကဗျာကလေးမျှသာ ဖြစ်ပြီး ပထမအချိုးတွင် ပသာဒဂုဏ်၊ အတ္ထဗျတ္တိဂုဏ်မြောက်စွာ-
လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး။
ဟု ပြုခြင်းပြအခြေအနေမျှကိုသာ ရေးဖွဲ့ပါသည်။ ချစ်မိသူ၏ တောင်းတလိုအင်သည် အနွမ်းအကြွေ ပန်းခရေပွင့်မဟုတ်ပါ။ အပွင့်ဘဝရောက်လုဆဲ မွှေးထုံ လတ်ဆတ် ခရေဖူးဖြစ်ပါသည်။ ထို့ကြောင့် ချစ်မိသူလုလင်က ခရေပင်ပေါ်တက်၍ ခူးဆွတ်ပေးခဲ့ကြောင်း သဘာဝကျကျ ရေးဖွဲ့သည်။ နိမိတ်ပုံအဖြစ် အဖိုးမထက်သော ခရေဖူးသည် လုလင်ပျို၏ ဘဝနှယ်ဖြစ်သည်။ မပွင့်အာသေးသော ခရေဖူးသည် ချစ်ခွင့်မပန်ရသေးသော လုလင်ပျို၏ တိတ်တခိုးအချစ်စိတ်ဖြစ်သည်။ ခရေဖူးကိုမှပန်ချင်သူသည် အသစ်အဆန်းကိုမှ စိတ်ရောက်တတ်သူ ချစ်သူမိန်းကလေး၏ စရိုက်ဖြစ်သည် ဟု ခံစားတွေးမြင်မိပါသည်။
နောက်တစ်ပိုဒ်ကဗျာအချတွင်မှ လယ်သမားလုလင်ပျို၏ တိတ်တခိုးအချစ်များ ကြေမွပျက်သုဥ်း အဆုံးသတ်နိဂုံးဖြစ်သွားရဟန်ကို အောက်ပါအတိုင်း ရေးဖွဲ့ပါသည်။
မနက်တုန်းဆီက
ကြော့ဆုံးကို
မောင်မြင်တော့.
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။
ပန်ချင်ပါသည်ဟူ၍ ခူးကာပေးခဲ့သော ခရေဖူးလေးများကို ချစ်သူသီကုံးပန်လာမည်ဟု ယုံကြည်ချက်ရှိစွာ တိတ်တခိုးစောင့်မျှော်မိပါသည်။ သို့သော် ခရေဖူးတို့ ဥပေက္ခာပြု ခံလိုက်ရပြီ။ မျက်ဝန်းထဲတွင် အလှဆုံး အချစ်ရဆုံးမိန်းကလေးကို မနက်တုန်းက မြင်ရချိန်မှာ နှင်းဆီပွင့်တွေ ပန်ဆင်ဂုဏ်တင့်နေချေပြီဟု မချိတင်ကဲ ကြေကွဲဆို့နင့် အဖြစ်ကို ဖွင့်အန်ရေးဖွဲ့ထားပါသည်။ မျှော်လင့်ချက်အပေးခံရသော ခရေဖူးကလေးများက ချစ်သူ၏ ဆံမြကေသာထက်မရောက်။ တန်ဖိုးတက် ဂုဏ်မြင့်သော နှင်းဆီပွင့်ကို ချစ်သူရွေးချယ်သွားသည့် နိမိတ်ပုံဖြင့် လယ်သမားလုလင်ပျိုကလေး၏ နှလုံးသားမှ ဖြစ်တည်ရင်းနှီးသော အချစ်ကို လျစ်လျူပြု ကာ အခြားဂုဏ်မြင့်သူတစ်ယောက်၏ အချစ်ကို ရွေးချယ်သွားပုံကို ပြကွက်သည် သေသပ်လွန်းသော အရေးအဖွဲ့ဖြစ်ပါသည်။
ကဗျာနှစ်ပုဒ်ကို နှိုင်းယှဥ်ခံစားမိပါသည်။ မည်သို့ဆိုစေ ခံစားမှုထုတ်ဖော်ကဗျာများသည် လူမှုဘဝအခြေပြုကဗျာများအဖြစ် မြန်မာ့လူမျိုး စာပေချစ်သူတို့ကို ခံစားမှုကူးစက် နှစ်သက်စေသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
ကဲ မင်းလဲ လေ့ကျင့်ခန်းလုပ်ဖို့ တစ်ပိုင်တစ်နိုင် ကဗျာတစ်ပုဒ်ရှာပြီး နှိုင်းယှဥ်ပြပေတော့ကလေးရေ။
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
၀၉၀၅၂၂
Comments
Post a Comment