ဆားဒယ် မှ စာရေးသူ၏ ဝါကျဖွဲ့ဟန်

ဆားဒယ် ရသစာတမ်း

စာရေးသူ၏ ဝါကျဖွဲ့ဟန်များ



အသက်၅၀ကျော် ၆ဝ တန်းဆို မူလတန်းတုန်းက ပထဝီဖွင့်ဆိုချက်တွေထဲ နှုတ်အစွဲဆုံးကို မှတ်မိမှာပါ။ “ရေပတ်လည် ဝန်းရံလျက်ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်ပါသည်” တို့။ “မြောက်အမေကြီး ကားတိုက်” တို့ လေ။ ရေဒီယိုသီချင်းတောင် ပေါ်ခဲ့သေးတယ်။

ရေပတ်လည် ဝိုင်းရံလျက်ရှိသော — -
ကုန်းမြေကို ကျွန်းဟုခေါ်သလို အတည်
ချစ်သူပတ်လည် ဝိုင်းရံလျက် ရှိသော
မိန်းကလေးကို
ချောစုလို့ ခေါ်ပါသည်

ဆိုလား။ အခု ရသစာတမ်းရဲ့ ဒေသနောက်ခံက မိုးရာသီဆို ရေပတ်လည်ဝိုင်းတဲ့နေရာ။

ပဲခူးတိုင်းက သနပ်ပင်မြို့နယ် ရစ်ကံကြီးရွာဆိုတာ။ အဲဒီဝန်းကျင့်ပထဝီက မြေနိမ့်လွင်ပြင် ဖြစ်ပြီး မြစ်ချောင်းတွေများတယ်။ ပဲခူး မြစ်နဲ့ စစ်တောင်းမြစ် အရှေ့အနောက်ညှပ်ထားတဲ့အပြင် ပဲခူး-စစ်တောင်း တူးမြောင်းက ဒီဒေသတွင်းက ဖောက်ထားတာပေါ့။ နွေအခါ ဖုန်တထောင်းထောင်း လှည်းလမ်းကြောင်းနဲ့ ရွာလမ်းမကြီးက မိုးတွင်းဆို ရေတွေဖွေးတဲ့ ချောင်းတစ်ချောင်းဖြစ်သွားပြီး လှေနဲ့လောင်းနဲ့ သွားကြရတာတဲ့။ ပျော်စရာကြီးနော်။

ရသစာတမ်းရေးသူ ဆရာကြီးက တက္ကသိုလ်ဝင်းမွန်။ စာပေဆုတွေအများကြီး ရ ထားပြီး အမျိုးသားစာပေ တစ်သက်တာဆုအထိ ချီးမြှင့်အပ်နှင်းခံရသူပါ။ မြန်မာစာပါမောက္ခကြီး တစ်ဦးပေါ့။ ဆရာကြီးရဲ့ ငယ်ဘဝ အဖြစ်အပျက်လေးကို အခြေတည်ပြီး လူ့ဘဝဖြတ်သန်းသင့်ပုံ စိတ်ထားလေးအထိ ဆွဲခေါ်သွားမဲ့ ရသစာတမ်းပေါ့။

ရသစာတမ်း ဆိုတာ ဝတ္ထုနဲ့ မတူဘူးနော်။ နှစ်ခုစလုံး ရသစာပေချင်းတူပေမဲ့၊ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင်ရေးနိုင်ခြင်းက ဝတ္ထုစာပေရဲ့ အဓိကလိုအပ်ချက်။ ရသစာတမ်းက ဇာတ်ကောင်စရိုက်ထက် စာရေးသူရဲ့ အတွေ့နဲ့အတွေး ကို ရသပေါ်အောင် ရေးရတာ။

ဒါဆိုဆောင်းပါးနဲ့ ရသစာတမ်း ကကော။ မတူဘူးနော်။ ဆောင်းပါးက စာဖတ်သူကို သိမှတ်စရာ သုတတွေပေးဖို့ တာဝန်ယူရေးရတာ။ ရသစာတမ်းက ရသကိုအရင်ပေးမယ်။ ပြီးမှ ဆင်ခြင်သိမြင်စရာသင်ခန်းစာကို အတွေးဆင့် တွေးဆစေတာမျိုး။ ဆောင်းပါးက အေးစက်စက် ခပ်စိမ်းစိမ်းပြောနေပုံကြီး။ ရသစာတမ်းမှာ လေသံ ကိုက ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေး ပြောပြသံ။ ဆောင်းပါးမှာ အကြောင်းအရာက ထင်းပြီး စာရေးသူက မှိန်နေမယ်။ ရသစာတမ်းမှာတော့ ပြောပြနေတဲ့အကြောင်းအရာနဲ့ ယှဥ်ပြီး စာရေးသူရဲ့စရိုက်က ပေါ်လွင်နေမယ်။

အခု ဆရာတို့ ဒီရသစာတမ်းကို အရသာခံပြီး တစ်ကြောင်းချင်း တစ်ပုဒ်ချင်းအချိန်ယူဖတ်မယ်။ အဓိက ဝါကျဖွဲ့စည်းဟန်ကို လေ့လာမှာ။ ဝါကျရိုး၊ ဝါကျရော၊ ဝါကျတို၊ ဝါကျလတ်၊ ဝါကျရှည်၊ ဘယ်လိုတည်ဆောက်သလဲဆိုတာ။ ထုတ်ဖော်ဝါကျ မေးခွန်းဝါကျ အငြင်းဝါကျ တိုက်တွန်းဝါကျတွေ ဘယ်လိုတည်ဆောက်ထားသလဲဆိုတာ။ ရသဖော်ဖို့ သရုပ်ဖော်ဖို့ အထူးပြုတွေ၊ နေရာပြ အချိန်ပြနောက်ဆက်တွေ၊ ဖြစ်ခြင်းပြုခြင်းပြ ကြိယာတွေကို ဝါကျတွင်း ဘယ်လိုအကွက်ကျ သုံးသလဲဆိုတာ နိုင်သလောက်စိစစ်ကြည့်မယ်။

မင်းတို့ကဖတ်။ မကျွမ်းကျင်သေးလို့ ပညာလာသင်တာမို့ အတွေ့အကြုံရှိတဲ့ ဆရာက ဦးဆောင် ထောက်ပြမယ်။ စာမအော်ပေးဘူး။ မှတ်စုမပေးဘူး။ သဘောပေါက်အောင်တော့ ဆရာ ထပ်ထပ်ပြောပြနေမယ်။

အဲဒီအချိန်မှာ နင်တို့ မင်းတို့က ကိုယ့်မှတ်စုစာအုပ်ထဲ အတို လိုက်မှတ်။ ပြန်ကြည့်ရင် မှတ်မိမဲ့စကားလုံးနဲ့ မင်း နားလည်သလိုသာမှတ်။ မရေရာရင် ထမေး။ လက်မခံစရာရှိရင် အားမနာနဲ့ မရှက်နဲ့ မကြောက်နဲ့ ချက်ချင်းထမေး။

၁။ ‌ရှေ့ဝါကျမှာ ဖော်ပြပြီးတဲ့ ကတ္တားကို နောက်ဝါကျတွေမှာ ထပ်မဖော်ပြတော့ဘူး။ စာဖတ်တဲ့သူဟာ အလိုလိုနားလည် လက်ခံသွားအောင် အားထုတ်ရေးတယ်။ အဲဒီ ကတ္တားမြှုပ်ဝါကျဖွဲ့မှု ကြောင့် ထုတ်‌ေဖာ်‌ဝါကျ လေသံဟာ သွက်လက်နေတယ်။

သာဓက (ကတ္တားမြှုပ်ဝါကျဟန်)

လမ်းမကြီးသည် နွေအခါက ဖုန်တထောင်းထောင်း ထခဲ့သည်။ (ကတ္တားမြှုပ်) ခလောက်သံ၊ ခြူသံတို့ဖြင့် ဆူညံခဲ့သည်။ ယခုအခါ၌ကား လမ်းမကြီးသည် ရေအောက်တွင် စုပ်စုပ်မြုပ် နေပေပြီ။ (ကတ္တားမြှုပ်) လှည်းတို့အစား လှေတို့ လူးလာနေပြီ။ (ကတ္တားမြှုပ်) ချောင်းကြီး ဖြစ်နေပေပြီ။ (ကတ္တားမြှုပ်) ရေကား မနက်လှ။ (ကတ္တားမြှုပ်) ပေါင်လယ်လောက် ခါးလောက်သာ ရှိသည်။

ဆားဒယ်မှာ လေးပေပတ်လည်ခန့် သံဒယ်ပိုင်းကြီး ဖြစ်သည်။ (ကတ္တားမြှုပ်) အဝိုင်းမဟုတ်၊ လေးထောင့်ဖြစ်သည်။ (ကတ္တားမြှုပ်) #ဇောက်မှာ မနက်လှ။ (ကတ္တားမြှုပ်) ခြောက်လက်မခန့်သာရှိသည်။

၂။ သဏ္ဌာန်တူဝါကျရေးဟန် ကြောင့်လည်း သိလွယ်ရှင်းသော ပသာဒဂုဏ်ကို ဖြစ်စေတာ မြင်လား။ အပေါ် သာဓက ၂ခုမှပဲကြည့်။

ရေကားမနက်လှ။ ဇောက်မှာမနက်လှ။

အဲဒီပုံစံရေးတဲ့ဟန်ကို ဘောက်တူတစ်ပိုဒ် ဆားဒယ်တစ်ပိုဒ် ဆင့်ရေးတဲ့ စာပိုဒ်မှာ လိုက်ရှာပါဟေ့။ ဆားဒယ်လှော်ခတ်ပုံမှာလည်း ပါပါတယ်။ ဖြေချိန်နဲ့ ညှိရမှာမို့ သာဓက အများကြီးထုတ်မပြနိုင်ဘူး။ လေ့လာချိန်တော့ အကုန်သာ ယှဥ်ကြည့်။

သာဓက ( သဏ္ဌာန်တူဝါကျရေးဟန် )

ဘောက်တူစီးရသည်မှာသက်သောင့်သက်သာရှိလှသည်။ ဘောက်တူကား အဆင်းလည်း လွယ်သည်။ အတက်လည်း လွယ်သည်။ အတက်မတော်၍လည်း တိမ်းမှာ စောင်းမှာ မှောက်မှာ မပူရ။ အဆင်းမတော်၍လည်း တိမ်းမှာ စောင်းမှာ မှောက်မှာ မပူရ။

ဆားဒယ်စီးရသည်မှာပင်ပင်ပန်းပန်းရှိလှသည်။ ဆားဒယ်ကား အဆင်းလည်း ခက်သည်။ အတက်လည်း ခက်သည်။ တိမ်းမှာ စောင်းမှာ မှောက်မှာ အလွန်ပူရသည်။ အတက်မတော်ပါကလည်း ဆားဒယ်မှောက်သည်။ အဆင်းမတော်ပါကလည်း ဆားဒယ်မှောက်သည်။

တွေ့လား Copy & Paste လုပ်တဲ့ဝါကျ ဘယ်လောက်လှပြီး ဘယ်လောက်လွယ်သလဲ ဆိုတာ။

၃။ ဝါကျခံ့ထည်ဖို့ကို ဦးစားမပေးဘူး။ ရှင်းလင်းပြေပြစ်ဖို့ကိုသာ ဦးစားပေး အာရုံစိုက်တယ်။ ဝါကျတိုတွေကို နေရာတကျ သုံးတယ်။

သာဓက ( ဝါကျတိုအသုံးဟန်)

ကျွမ်းကျင်မှုလိုသည်။ စိတ်ရှည်ဖို့လိုသည်။ ဇွဲကောင်းဖို့လိုသည်။ လုံ့လရှိဖို့လိုသည်။

နင်တို့မှာ အတွေးအခေါ်ရှိရင် အဲဒါကိုပဲ နောက်တစ်မျိုး သုံးသပ်ချီးကျူးလို့ ရသေးတယ်။ ဘာတွေတူနေလဲကြည့်။ ( ကြိယာတွေ)

အေး။ “လိုသည်” တစ်လုံးနဲ့ပွဲပြီးသွားတာ အေးအေးချမ်းချမ်းပဲ။ ဒါ့ကြောင့်။

၄။ ကြိယာတူဝါကျ‌ များကို အသုံးပြုမှုကြောင့်လဲ သံတူကပ်အဆင်တန်ဆာပမာ အသံသာပြီး လှပနေတယ်လို့ ဖြေပစ်ပေါ့ဟ။

သာဓက ( ကြိယာတူဝါကျအသုံးဟန်)

ကျွမ်းကျင်မှု လိုသည်။ ကိုယ်ကို တည်တည်ငြိမ်ငြိမ် ထားတတ်ဖို့ လိုသည်။ စိတ်ရှည်ဖို့ လိုသည်။ ဇွဲကောင်းဖို့ လိုသည်။ လုံ့လရှိဖို့ လိုသည်။

ထို့ပြင် အားသစ်တို့ ဝင်လာသည်။ စိတ်သစ်တို့ ဝင်လာသည်။

(ဒါက နာမ်အထူးပြုတူကပ် ကြိယာတူဝါကျဟန်)

ရွာကို ကျွန်တော် မမေ့။ သူငယ်ချင်းများကိုလည်း ကျွန်တော် မမေ့။ သူတို့နှင့် ချောင်းရိုးတစ်လျှောက် ဆားဒယ်စီး၍ ပျော်ခဲ့သည်များကိုလည်း ကျွန်တော် မမေ့။

(ဒါက ကတ္တားတူကပ် ကြိယာတူဝါကျဟန်)

၅။ အနက်ဆင်တူ ပရိယာယ်ကြိယာတွေ ဆင့်ပြီးဖွဲ့သော ဝါကျဟန်က ဖတ်သူကို နှစ်သက်စေတာလည်းထည့်ဖြေ။

သာဓက ( ပရိယာယ်ကြိယာသုံးဝါကျဟန်)

လူကြီးများ အားမှ လစ်မှ စီးခွင့်ရသည်။ လှော်ခွင့်ရသည်။ (စီးခွင့်ရ/လှော်ခွင့်ရ)

ဆော့လွန်းသည်။ ကမြင်းလွန်းသည်။

 — — — — — ရည်မှန်းရာသို့ ချောချောမောမော ဖြောင့်ဖြောင့်တန်းတန်း သွားကြသည်ကို တွေ့ကြရသည်။ ကြုံကြရသည်။ (တွေ့/ကြုံ)

မှောက်သွားသည့်သူကို စ၍ ပြောင်၍ စိတ်မဆိုး။ ဒေါမပွ။

ပင်ပန်းသော်မှ ပင်ပန်းသည်ဟု မမှတ်ထင်။ ပျော်သည်။ ရွှင်သည်။ (မပင်ပန်း/ပျော်/ရွှင်)

ကိုယ့်ကိုယ်ကိုယ် ဆုံးမရသည်။ သတိပေးရသည်။ (ဆုံးမ/သတိပေး)

၆။ ငြင်းပယ်ဝါကျတွေကို အသုံးပြုတာကြောင့်လည်း သိလိုစိတ်ကို လှုံ့ဆော်နိုင်တယ် ဘာညာ ထည့်ဖြေပေါ့။

သာဓက ( ငြင်းပယ်ဝါကျဟန်)

ကျွန်တော်တို့ကား သူတို့(ဆားဒယ်)များကို အနားမပေးနိုင်ပြီ။

ဘောက်တူစီး၍ ပျော်ခွင့်မရ။

ဆားဒယ်စီးရသည်မှာ ဘောက်တူစီးရသည်နှင့်မတူ။

ဘောက်တူကိုပဲ့ကိုင်ရသည်မှာ မခက်လှ။

မှောက်သွားသည့်သူကို စ၍ ပြောင်၍ စိတ်မဆိုး။ ဒေါမပွ။ ဇွဲမလျှော့။

အားမလျှော့။ မဆုတ်နစ်။

၇။ ရသစာတမ်းရဲ့ နိဂုံးမှာ ဝီရရသဖော် အရေးအဖွဲ့အဖြစ် မေးခွန်းဝါကျကလေးတွေနဲ့ အနားသတ်ထားပုံက လှရက်လွန်းတယ် ဘာညာ ခပ်သည်းသည်းကလေး ဖြေသင့်တယ်။

သာဓက ( ‌မေးခွန်းဝါကျဟန်)

ယခုလို အခါတွင်မှ ကျွန်တော်သည် အားလျော့ခြင်း၊ ဆုတ်နစ်ခြင်းများ ဖြစ်သင့်ပါသလော။ ငယ်စဥ်အခါကကဲ့သို့ သတ္တိမကောင်းတော့ပြီလော။ ဇွဲ မကောင်းတော့ပြီလော။ (ဘဝရေစီးကြောင်းမှာ) ဆားဒယ်စီး၍ မပျော်နိုင်တော့ပြီလော။

ဖြေချင်သေးရင် ကြိယာ အထူးပြုပုဒ်သုံးပုံဝါကျဟန်တွေ လှသေးတယ်။ ဖြေချင်သေးလား။

အဲဒီလို ကျစ်လျစ် ပြေပြစ် ဆီလျော် ခိုင်မာ မှန်ကန် ရှင်းလင်း တိကျတဲ့ ဝါကျဖွဲ့ဟန်များကြောင့် စာချစ်သူနှလုံးသားမှာ ထာဝရလန်းတင့်နေမဲ့ ရသစာတမ်းပန်းတစ်ပွင့် ဖြစ်ပါတော့သည် ဆိုတာမျိုးက နင်တို့ အရွှီးအဖြီးကျွမ်းအောင် ငါလုပ်ပေးထားပြီးသားလေ။

ငါ့သမီး မမွှေး စာအုပ်ကြိုသိမ်းနေပြီ။ ဟား ဟား ဟား

အားလုံး မင်္ဂလာပါဟေ့။

စေတနာ အာသီသ ဂါရဝဖြင့်

ကံ့ကော်ကောင်းကင် မြန်မာစာ

၀၃၀၅၂၂ 

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်