ရပ်သံနှာသံတစ်ဝက်သံ
စနစ်ဟောင်းသင်ဖူးသူများ စနစ်သစ်သင်ရတဲ့အခါ အထောက်အပံ့ ဖြစ်စေချင်တာပါ။ ဟိုဟာသတ်သတ် ဒီဟာသတ်သတ် မဟုတ်ကြောင်းပေါ့။ အခြေခံသရ မှသည် မူလသရသို့။ မူလသရက သံရှည်တွေကို သရသံရိုးရိုး ခုနစ်သံ လို့မှတ်သားပုံအတွက်-
တိုရှည်လေးလုပ်ပြီးသူ
ဒီရေသယ်လာ
ဂေါ်ကိုယူ
အထိ မြင်အောင် ပြပေးခဲ့ပါတယ်။ ဒီနေ့ ကျွန်တော့်ကလေးတွေ နဲ့စာသင်ပြပါမယ်။
အုပ်စုလေးခုလုံး။ ရှေ့နေ နောက်အောင်း ဘေးတန်းဇောင်းက သူတွေပါအားလုံးဟေ့။ နံပြား စမူဆာ ပေါက်စီ အီကြာကွေး အားလုံး အားလုံး ငါ့ကိုကြည့်။
“ ဝင်းထူးခိုင်ရဲ့၊ ငါ့ကိုကြည့် ဆိုပါမှ ခုံအောက်ငုံ့ကြည့်ရလားကွာ”
“အားလုံး အာရုံစုလို့ ရပြီလား။ အခု ငါ့ကိုကြည့်တော့ နည်းနည်းချောတာ ညာလို့မရဘူးမဟုတ်လား”
ဆရာတို့- စကားသံကို စာအဖြစ်ပြောင်းဖို့ လိုအပ်တာ ငါးမျိုး ပြောပြဖူးတာ မှတ်မိလား။ ဘာတွေလဲ ပြန်ပြော။ ဆရာနဲ့ တူတူပြော။
-ဗျည်း သင်္ကေတ
ကကြီးအစ- အ အဆုံး ၃၃ လုံး
-သရ သင်္ကေတ
ရေးချ၊ လုံးကြီးတင်၊ ဆန်ခတ်၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊ သဝေထိုး၊ နောက်ပစ်။
-သံပြောင်းပြ သင်္ကေတ
ေသးေသးတင်၊ အောက်မြစ်၊ ဝစ္စပေါက်။
-ဗျည်းတွဲ သင်္ကေတ
ပင့်၊ ရစ်၊ ဆွဲ၊ ထိုး
-အသတ် သင်္ကေတ
ဗျည်းအထက် တံခွန်ပြ
အေး အေး အဲဒါ။ အဲဒီ အသတ်။ မြန်မာအသတ် ဆယ်ပါး။ ဘာတွေ။
က် / င်/ စ်/ ဉ်/ည်/ တ်/ န်/ ပ်/ မ်/ ယ်။
(ကြောင် င စင်း ဉ ည တိုင်း နို့ ပုံး မှောက် ယက်)
လုပ်စမ်းပါဦး။ ထိုအသတ်များနှင့် တွဲဖက်သော သရများမှာ — — — — — — ?
(သံပြိုင်ရွတ်)
အအောအို က
အအောအို င
အ စ
အ ဉ
အ ည
အအိအု တ
အအိအု န
အအိအု ပ
အအိအု မ
အ ယ
( မရှင်းသော ဆရာဆရာမများ မြန်မာသဒ္ဒါ အတွဲ ၂ အခန်း ၅ မှ စနစ်ဟောင်းကိုးတန်း အသတ်များ ကို ပြန်ဖတ်ပါ ခင်ဗျာ။)
အဲဒီ အသတ်တွေထဲက “အ”နောက်ကပ်တဲ့ ယပက်လက် သတ် (အယ်) အသံဟာ သရသံရိုးရိုး ၇ ခုမှာ ပါသွားပြီးသား။ ဒီရေ သယ် လာ အုပ်စုမှာလေ။ ဟုတ်ပြီလား။
ဒါ့ကြောင့် ကိုးခုကျန်မယ်။
အိအီအီး အခြေခံသရ တိုရှည်လေး ဟာ
ည- သတ် အည့် အည် အည်း အသံပဲ။ မြင်လား။ ဒါလဲ သရသံရိုးရိုးပဲ။ ဒီ ရေသယ်လာ က ဒီ-အီ သရပေါ့။ သရသံကို ရေတွက်ရင် ဗျည်းသံလိုပဲ အသံတူရင် တစ်လုံးဖယ်မှာနော်။ ဟော ည သတ် (အည်) ဖြုတ်တော့ ရှစ်ခုပဲ ကျန်မယ်။
အီကြာကွေးတွေ အော်ကြည့်။
(အိအီအီး — — — အိအီအီး — -)
တော်တယ် သာယာနာပျော်ဖွယ်ပဲ။
တ-သတ် နဲ့ ပ-သတ် အအိအု အတွဲမှာ
အတ်/အပ် — အိတ်/အိပ် — အုတ်/အုပ် အသံတူသရတွေဖြစ်လို့ တ-သတ်ပဲယူ၊ ပ-သတ် ကိုဖြုတ်ပြန်ပြီ။ ခုနစ်ခုပဲ ကျန်မယ်။
ဗျည်းကို ဉကလေးသတ်ရင် င-သတ် အသံပဲရတယ်လေ။ စဥ် ချဥ် ကြဥ် ဆိုတော့ စင် ချင် ကြင် လိုပဲမို့ ထည့်မရေတော့ဘူး။ ဉ-ကလေးသတ် ပြုတ်ပြန်ပြီ။ ဟားဟား။ ခြောက်ခုပဲ ကျန်မယ်။
န-သတ် နဲ့ မ-သတ် နှာသံတွေမှာ အအိအုနဲ့ တွဲပြန်တော့ အသံတူပြန်ရော။ အန်/အမ် — အိန်/အိမ် — အုန် — အုမ် မို့ မ-သတ်ကို ထည့်မရေဘဲ ဖြုတ်။
အိုခေဗျား၊ ငါးခုပဲ ကျန်တော့တယ်။
အဲဒီငါးခုမှာ က၊စ၊တ အသတ်နဲ့ဆိုရင် အသံကြိုး၂ချောင်း တင်းတင်းစေ့ကပ် အသံရပ် အသံဖြတ်မို့ ရပ်သံသရ ပဲ။
က(အအောအို)အတွက် အက် အောက် အိုက်
စ(အ) အတွက် အစ်
တ(အအွအိအု)အတွက် အတ် အွတ် အိတ် အုတ်
ပြီးပြီ။ နားလည်လား။ နားမလည်ရင် နောက်တစ်ခေါက်ပြောမယ်။
ဆိုလိုက်-
လက်ကောက်တိုက်စစ်အိတ်သွတ်ခတ်ထုတ်
လက်ကောက် တိုက်စစ် အိတ်သွတ် ခတ်ထုတ်
ရပ်သံသရ ရှစ်လုံးလုပ်
အက်အောက်အိုက်အစ်အိတ်အွတ်အတ်အုတ်
ဆို နင်တို့က မေ့မှာလေ။ ပြန်ဆိုဦး။
လက်ကောက်တိုက်စစ်အိတ်သွတ်ခတ်ထုတ်
ရပ်သံသရ ရှစ်လုံးလုပ်
နှုတ်စွဲ နားစွဲအောင် တစ်အုပ်စု တစ်ခေါက်ဆို
ကဲ ဒါဆို င-သတ်နဲ့ န- သတ် နှာသံသရ ကျန်မှာပေါ့။ ဘာတွေဖြစ်မလဲ အရင်စစ်မယ်။
င (အအောအို) အတွက် အင် အောင် အိုင်
န ( အအွအိအု) အတွက် အန် အွန် အိန် အုန်
ဟုတ်ပြီလား ဆိုလိုက်ဦး။
နင်စောင်ကိုင်ဆန်သွန်ပိန်ကုန်
နင်စောင်ကိုင်/ ဆန်သွန်/ ပိန်ကုန်
အင်အောင်အိုင်အန်အွန်အိန်အုန် ဆိုရင် နင်တို့လျှာတွေ ခလုတ်တိုက်နေမှာပေါ့ဟဲ့။
တစ်ခေါက်တိုင်ပေးမယ်။ အီကြာကွေးကတိုင်ရင် ကျန် ၃ စုက လိုက်ဆို။ နံပြားကတိုင်ရင် ကျန် ၃စုကလိုက်ဆိုနဲ့ အလှည့်ကျတိုင်ပေးလိုက်ဆိုလုပ်။
နင်စောင်ကိုင်၊ ဆန်-သွန်၊ ပိန်ကုန် ဟ
ခုနစ်လုံးက နှာ သရ
(နင်စောင်ကိုင် ဆန်သွန် ပိန်ကုန် ဟ
ခုနစ်လုံးက နှာ သရ)
မတြာဝက်သရ။
အသံပြည့် မထုတ်ဘဲ အသံတစ်ဝက်ပဲ ထုတ်တာမျိုးတွေကို ခေါ်မယ်။ လိုက်ပြောကြည့်
အမေ (အမေ) ။ တွေ့လား “အ” အသံ မပြည့်ဘူး။ ပြောကြည့် နောက်တစ်မျိုး “အဆို အချေ”
(အဆိုအချေ) ကြားတယ်ဟုတ်။ အ-ဆို အ-ချေ မဟုတ်ဘူး။ အသံပြည့် မဟုတ်ဘူး။
ဆရာ့မျက်နှာချောချောလေးကို ကြည့်စမ်းပါဟ။ ဒီမှာ ရေးထားတာဖတ်ပြ။
အဖေ (အဖေ)
ပိုင်တယ်ကွာ ။
မြိန်လိုက်တာ။ တစ်ခန်းလုံးက ငါ့ကို အဖေတဲ့ ဟားဟား
အဲဒါ အသံတစ်ဝက်သရ။ မတြာဝက်သရ။ လက်ဖျစ်တစ်တွတ် လျှပ်တပြက် အသက်တစ်ရှူကြာချိန်ရဲ့ တစ်ဝက်ပဲရှိလို့ မတြာဝက်။
နားလည်ရင် အတန်းသိမ်းမယ်။ အော်သိမ်းဟေ့နော်။
တိုရှည်လေး လုပ်ပြီးသူ
ဒီရေသယ်လာ
ဂေါ်ကိုယူ
လက်ကောက် တိုက်စစ် အိတ်သွတ် ခတ်ထုတ်
ရပ်သံသရ ရှစ်လုံးလုပ်
နင်စောင်ကိုင်၊ ဆန်သွန် ၊ — ပိန်ကုန် -ဟ
ခုနစ်လုံးက နှာ သရ
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင် မြန်မာစာ
၀၅၀၅၂၂
Comments
Post a Comment