အပီကိုင်တဲ့ ဝဇီကိုင်

ရေးဟန်စိစစ်တတ်စေချင်တာက စေတနာအရင်းခံပါ။ ဒါ့ကြောင့် တိုင်ပေးတယ်။ အော်ခိုင်းတယ်။ အတန်းငိုက်တာရှိသလို ဆရာငိုက်တာလည်း ရှိတတ်ပါတယ်။ သေချာတာက ဆရာငိုက်ရင် အတန်းငိုက်ပါပြီ။ အငိုက်မခံပါဘူး။ အော်ပါ။ စကားပြေ ကဗျာ စိစစ်မှာက-

အသုံးအနှုန်းဝေါဟာရ

ရေးသားတဲ့ဝါကျ

ပုဒ်ထားသိုဟန်ဆန်းစစ်ပါ

သုံးတဲ့အလင်္ကာ

ဝါကျစာပိုဒ်ချိတ်ဆက်ကြည့်

ရသကိုသိ ဂုဏ်ကိုသိ။

ကုသ ဆိုတာ ဇာတကတွေထဲက ဘုရားလောင်းရဲ့ ဘဝတစ်ခုက အမည်နာမပဲ။ အခု စာရေးဆရာကြီးက ဒီအမည်ကို ကလောင်အမည်ယူပြီးရေးတယ်နော်။ သူက ရန်ပုံငွေပဒေသာကပွဲမှာ မင်းကုသ အဖြစ်သရုပ်ဆောင်ဖူးရာက ဒီအမည်ကို နှစ်နှစ်သက်သက် စွဲကိုင်ပြီး စာရေးတော့တာ။ ဟာသ သရုပ်ဖော် ဝတ္ထုပေါ့။

တကယ်က ခေတ်စမ်းစာပေလှုပ်ရှားကြချိန်မှာ ဂန္ဓလောကမဂ္ဂဇင်း ၁၂၉၃ ကဆုန်လမှာ ပုံနှိပ်‌ေဖာ်ပြတာ။ ဆရာကြီးဦးဖေမောင်တင်က ခေတ်စမ်းပုံပြင် (ပထမတွဲ) အဖြစ် စုစည်းရိုက်နှိပ် ထုတ်ဝေတော့ ရေးသူ မောင်တိုးအောင် လို့ အမည်ရင်းအတိုင်း ဖော်ပြထားသတဲ့။

ဝတ္ထုဇာတ်ကြောင်းကို အနှစ်ချုပ်ကြည့်ရအောင်။ အနှစ်ချုပ်နိုင်ဖို့ဆိုတာ အစအဆုံး အကျယ်ဖွင့်ဆိုသရုပ်ဖော်အရေးကို တစ်ကြောင်းချင်းဖတ်ရတာ။

ဘယ်အရေးအဖွဲ့မျိုးမဆို ဇာတ်လမ်းအတွင်းပါအဖြစ်အပျက်တွေဟာ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တာမျိုးက အလွန်ရှားပါတယ်။ သူများအကြောင်းတွေပါ။ ကိုယ်ယူရမှာက ဇာတ်လမ်းထက် “ အမူအကျင့်၊ သင်ခန်းစာ၊ ရသ နဲ့ သုတ၊ စာပေကို လေ့လာနိုင်မှုအတတ်ပညာ” ကို ရအောင်ယူရမှာပါ။

ဇာတ်လမ်းအနှစ်ချုပ်

*******************

မန်ကျည်းပင်ရွာ ဘောလုံးပွဲတွင် စည်းကမ်းထိန်းသိမ်း ဆုံးဖြတ်ပေးရန်အတွက် အထင်ကြီး လေးစား အားကိုးသော ရွာသားများက အကူအညီတောင်းမှုကြောင့် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရသော တက္ကသိုလ်ကျောင်းသားတစ်ဦး၏ အတွေ့အကြုံများကို ရယ်ရွှင်ဖွယ် ဟာသဖြစ်အောင် ရေးဖွဲ့ထားခြင်း။

စကားလုံးအသုံးအနှုန်း

ဆရာကြီး ကုသ က သူ့စာဖတ်သူကို ရယ်မောပျော်ရွှင်စေလိုတာပါ။ ရယ်ရွှင်မှုဆိုတာ “ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်က သွေဖီပြီး ကမောက်ကမ လွဲချော်ဖောက်ပြန်တဲ့ ဖြစ်ရပ်အသွင်၊ အပြောအဆို၊ စကားသံ၊ အမူအရာတွေကို ကြားရမြင်ရတဲ့ အခါ စိတ်ထဲ ရယ်မောချင်လာကြတာမဟုတ်လား။ ဟာသဝတ္ထုကိုဖန်တီးတော့ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်ကို ကမောက်ကမစကားလုံးဖန်တီးမှု တွေ့ရမှာပါ ကလေးရေ။

ကြည့်၊ ခေါင်းစဉ်ကအစ ဝဇီကိုင် တဲ့

တကယ်က အင်္ဂလိပ်စကား Whistle ဝီစီ ကို အသုံးပြုကိုင်တွယ်သူမို့ ဝီစီကိုင်ဒိုင်လူကြီးပေါ့။ ဒေသိယအသံထွက်နဲ့ ဝဇီကိုင်လို့ ပြုံးစရာ ဖန်တီးလိုက်တာ သူ့ကလောင်အစွမ်းပေါ့ကလေးရဲ့။

၁။ စကားအသုံးအနှုန်းများကို ပြုံးရယ်စရာဖြစ်အောင်နှင့် ဝေါဟာရဆန်းသစ်တီထွင်သုံးထားပါသည်။ သုတအလို့ငှာလည်း အမှန်အတည့်သုံးနှုန်းပါသည်။ ကိုလိုနီခေတ် တွင်ကျယ်သော အင်္ဂလိပ်စကားသံများကိုရပ်ရွာသုံးလေသံဖြင့် ဖန်တီးထားသည်များမှာ ဝဇီကိုင်၊ ဂီယာ(gear)၊ မော်တော်ကား ( motorcar)၊ ဘီ ‌ေအ ‌ေအ (Burma Athletic Association)၊ ဝီစီ (whistle)၊ ၅တန်းလူ/ဖောဝါဒ် ( forward)၊ အပေါက်စောင့် (goal keeper)၊ ၂တန်းလူ/ဖူးလ်ဘက် (full back)၊ ၃တန်းလူ/ဟဖ်ဘက် (half back)၊ လက်ဘော် (hand ball)၊ ရမ်းကား (foul)၊ ရှေ့လွန် (out-side)၊ ပိန္နဲသီး/ဂိုးနီးကန်( penalty)၊ ကော်နာ (corner) စသည်တို့ ဖြစ်ပါသည်။

၂၊ ခေတ်စမ်းစာပေလှုပ်ရှားစဥ်အရေးအဖွဲ့ ဖြစ်၍ လွတ်လပ်စွာ ဆန်းသစ်သုံးသော အသုံးအနှုန်းများကိုတွေ့ရသည်။ စကားအဆင်တန်ဆာများအဖြစ်

-ဂီယာနံပါတ်တစ် တည်းဟူသော တံဖျာ

-ဂီယာနံပါတ်နှစ်နှင့်သုံး ကြိမ်တံဖျာဖြင့် ရိုက်၍ငေါက်

-နန်းတော်သူလို

- ဂေါဏမော်တော်ကား /ဂေါဏယာဥ်

- ရာဇကုမာရ၊ ရာဇိန္ဒြေ

-ပွဲတော်တည်

- ကွတ်နီနာမ အဿလိမ္မာ/ အဿထိုရ်

- ငွေသံတချွင်ချွင်

-ရွှေလသာဝါဝင်းစဉ် ဖျာခင်း၍ထိုင်သလို

-ရွှေဖရုံသီးနှင့်အသွင်တူသော ဘာဘူချုပ်ဘောလုံး

- ကာမေသုမုတ်စားဆာလားကံထိုက်/သံခရာဘေး

စသည်တို့ကို တွေ့ရှိရပါသည်။

၃။ ကာလနောက်ခံကိုသရုပ်ဖော်နိုင်သော စကားအသုံးအနှုန်း များအဖြစ် နွေဥတု၊ အလွန်ပူညည်းညူရဘနန်း၊ ကျောင်းပိတ်စဥ်၊ စနေနေ့၊ နေ့လယ် ၁၂နာရီ၊ နေမွန်းတည့်ချိန် စသည်ဖြင့် အသုံးပြုပါသည်။

၄။ ဒေသနောက်ခံနှင့်ရွာသားရပ်သူစရိုက်ဖော် အသုံးအနှုန်းများဖြင့် ဟဿရသ ပုံဖော်ဖသည်ကိုလည်းတွေ့ရပါသည်။ သာဓကအားဖြင့် မန်ကျည်းပင်ရွာ၊ ဆယ်အိမ်ခေါင်း၊ နွားလှည်း၊ ဝိုင်းကြီး(နွားအမည်)၊ နွားကျားကြီး၊ နဖြူမကလေး၊ ကြိမ်တံဖျာ၊ နွားချေးရနံ့၊ မျက်လွှာချ ဒူးတုပ် ခစား၊ ရွာသူကြီး၊ ပွဲတော်များပြင်၊ ငါးခြောက်နှင့်ခရမ်းသီး၊ သစ်တိုသီးအိုးစိမ်၊ ကန်စွန်းရွက်ကြော်၊ ငါးသေတ္တာ၊ ဘူးသီးဟင်းချို၊ ပရိသတ်၅၀၀၊ လူပျို အပျို လူအို သားသည်အမေများ၊ အလျားအနံထပ်တူလေးထောင့်ဘောလုံးကွင်း၊ ရိုး(‌ေမြနိမ့်‌ေမြာင်း)ငယ်၊ ဝါးကလတက်နှင့် တုတ်တို၊ အင်္ကျီဗလာ၊ နတ္ထိ၊ ထုံးသုတ်ကိုယ်၊ လောင်းစားပွဲ၊ ငွေသံ တချွင်ချွင်၊ ၂ကျပ် ၈ပဲ စသည်တို့ ဖြစ်ပါသည်။

၅။ ဘောလုံးသမားများကို နာမည်ရင်းမခေါ်ဘဲ နာမည်သစ်ပေး မှည့်ခေါ်ပုံ ရယ်ဖွယ်ဓလေ့ကို ပုံဖော်ရာ စာရေးသူသည် ဘောလုံးသမားအမည်များကို ဖန်တီးရေးဖွဲ့ထားပါသည်။ ဝါးရင်းတုတ်၊ တညင်းကျား၊ ခွေးဘီလူး၊ သျှားနှစ်၊ သံချောင်း၊ ပုဏ္ဏက၊ ပုဆိန်ပေါက်၊ ဗန္ဓုလ၊ မြွေနဂါး၊ ဂဠုန်၊ ကျော်ဟိုး၊ အယ်ဒီပိုလို၊ တောက်တဲ့ ဟူသောအမည်များဖြင့် မာကျောခြင်း၊ တောင့်တင်းခြင်း၊ ခက်ထန်ခြင်း ကြမ်းတမ်းခြင်း မိုက်မဲခြင်း အနိုင်မခံအရှုံးမပေးခြင်း တွယ်ကပ်ခြင်း စသည့် နိမိတ်ပုံဆောင် အမည် စကားလုံးများကို သုံးပါသည်။

နာမ်အုပ်စု အသုံးတွေအပြီးမှာ

ကြိယာအုပ်စု အသုံးတွေ ( နားတော်လျှောက်၊ ခစား၊ ပွဲတော်ပြင်၊ ပွဲတော်တည်၊ ဗိုက်ကား၊ ပင့်ထူ — — စသည်)

အထူးပြု အသုံးအနှုန်းတွေ (အရေးတကြီး၊ ခြေကုန်သုတ်၊ အချက်ကျ၊ မရဲတရဲ၊ ခပ်ဆတ်ဆတ်၊ တစ်ခဲနက် — — — — -စသည်)။

ဘောလုံးပွဲယှဥ်ပြိုင်မှုနဲ့ ခိုက်ရန်ဖြစ်မှု သရုပ်ဖော်ချက် (ဘယ်သူ့ကိုမျှ လူမထင်၊ လူးလာတုံ့ပြန်၊

အထူးကြမ်းတမ်း၊ လက်သီးဖြင့် ထိုး၊ ဓားမြှောင်ပါ၊ ကြိမ်းမောင်းသံကြီး — -စသည်)

တို့ကို ဖော်ထုတ်ပေးရပါမယ်။

ထိုစကားအသုံးအနှုန်းများဖြင့်ဖန်တီး‌ရေးဖွဲ့ပါ၍စိတ်လှုပ်ရှားဖွယ်ရယ်ရွှင်ပြုံးပျော်ဖွယ်နှစ်သက်မှုများကိုပေးစွမ်းနိုင်ပါကြောင်း ဆိုရင်ပြည့်စုံလုံလောက်ပါမယ်။ စာဖြေချိန်နဲ့တန်အောင်ဖြေနိုင်ဖို့ မူရင်းပြဋ္ဌာန်းချက်ကို စကားအသုံးအနှုန်းအထုတ်မှာ ပိုက်စိပ်တိုက် ဖတ်ရှုပါလို့ အကြံပြုပါရစေ။ နှစ်သက်မှုဆိုတာ ရသ ပါ။



စေတနာဖြူဖြင့်

ကံ့ကော်ကောင်းကင်မြန်မာစာ

၂၉၀၄၂၂



Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်