ဂုဏ်အလင်္ကာရသ ဖန်တီးရေးဖွဲ့စေခြင်း စစ်ဆေးချက်
ဂုဏ်ရှစ်ပါးသင်ပြီးတော့ ဘယ်လိုရေးတာ ဘာဂုဏ်ပါဆိုတာ သိသွားရုံနဲ့ မရပ်ရဘူးလေကွယ်။ ဒီလိပ်စာမှာ မင်းခင်မင်တွယ်တာတဲ့သူရှိတယ်ဆိုရင် သိပြီဆိုပြီးမနေဘူးလေ။ ရောက်အောင်သွားတွေ့ ရယ်မောပြောဆိုသလိုမျိုးပေါ့။ စျေးကြီးကြီးနဲ့ ခဲခဲကတ်ကတ် ဝယ်ခဲ့ရတဲ့ဆေးကို မသောက်ဘဲ သိမ်းထားလို့ ရောဂါပျောက်မှာမှ မဟုတ်တာ။ အသုံးဝင်တန်ဖိုးမဲ့သွားဦးမယ်။
ဒါ့ကြောင့် grade10 မှာမင်းနည်းနည်းသိခဲ့တဲ့ အလင်္ကာတွေ ရသတွေနဲ့ ရောသမမွှေပြီး အကြောင်းအရာတစ်ခု ခေါင်းစဥ်တစ်ခုအတွက် စာတစ်ပိုဒ်လောက် ဖန်တီးကြည့်ပါလား။
နေဦး ပြောရဦးမယ်။ သဒ္ဒါလင်္ကာရဘက်ကပဲ တစ်ဖက်သတ် မကြည့်နဲ့။ အတ္ထာလင်္ကာရဘက်ကပဲလည်း တစ်ဖက်သတ်မကြည့်နဲ့။ ဂုဏ်မြောက်တာနဲ့ပဲ အလင်္ကာမမြောက်တော့ဘူး ထင်နေမယ်။ ရသကိုတော့ ရေးသူကောက်တာထက် ဖတ်သူက သူ့နှစ်သက်မှုအရ ကောက်တာအကောင်းဆုံး။
ရေးပြီးရင် ငါရေးတဲ့စာဟာ အနက်ထပ်အပြစ်၊ ယုတ္တိမဲ့အပြစ်၊ စကားရိုင်းအပြစ်၊ အပြောလွန် အပြောကြီး ယုတ္တိလွန်လွန်းတဲ့အပြစ်၊ ပုဒ်ထားရှုပ်အပြစ် စတာတွေ ပါသွားလေသလား ပြန်စစ်ပြုပြင်ပေါ့ကွာ။
လေ့ကျင့်မေးခွန်းက
သင်နားလည်သော ဂုဏ်၊ အလင်္ကာ၊ ရသမြောက်စေမည့် အရေးအဖွဲ့ဖြင့် စာတစ်ပုဒ်ကို နှစ်သက်ရာအကြောင်းတစ်ခုအတွက် ဖန်တီးအားထုတ်ရေးဖွဲ့ပြပါ။
သေပြီဆရာ မလုပ်နဲ့။ ကျက်ကျူကေးရှင်းခေတ် ကုန်ခါနီးပြီ။
ပျောက်ဆုံးနိဗ္ဗာန်
ကျွန်မတို့သည် ငယ်ငယ်တုန်းက ကလေးများဖြစ်ကြပါသည်။ ထိုအရွယ်က ငါ့မြေ၊ ငါ့ယာ၊ ငါ့ရွာ၊ ငါ့အိမ်၊ ငါ့စိန်၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့ကားစသည်ဖြင့် လောဘမောဟ မကြီးမားခဲ့ကြပါ။ ဓားမိုးတုတ်ထမ်းဟန်၊ နှုတ်ကြမ်းစကားဆိုဟန်ဖြင့် ကျီစယ်ခံရလည်း ကြောက်ရမှန်းမသိဘဲ ခိုးခိုးခစ်ခစ် ပြန်ရယ်ပြမိသေးသည်။ ကေလးဆိုသည်မှာ အိမ့်လမင်း အိမ့်ကုမုဒြာ အိမ့်ကဗျာ အိမ့်ဆည်းလည်းပင်။ အနှိုင်းမဲ့ အပူအပင်ကင်းကာ ဖြူစင်ခြင်းတို့ဖြင့် ခြယ်သထားသော စိတ်မနောကို ပိုင်ခဲ့ကြသည်။ ယခုလို လောဘဘီလူး၏ ဖမ်းစားခြင်းကို မခံရသေး။ ယခုတော့ ထိုစိတ်မနောတို့သည် အနာကြီးရောဂါစွဲကပ်ခံရသော စိတ္တဇဝေဒနာသည်လို ရွံစရာ ကြောက်စရာ ဖြစ်ခဲ့ချေပြီ။ ကလေးဘဝကို ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံဟုသာ ဆိုလိုက်ချင်သည်။ သန္တရသ ရနံ့ထုံသင်းသော ထိုနိဗ္ဗာန်ဘုံကို လွမ်းမိသည်။
သဒ္ဒါလင်္ကာရ ရှစ်သွယ်က စစ်မယ်။ သာဓက ထုတ်စစ်မယ်လေ။
၁။ ကျွန်မတို့သည် ငယ်ငယ်တုန်းက ကလေးများဖြစ်ကြပါသည်။ (ပသာဒ ၊အတ္ထဗျတ္တိ)
၂။ ဓားမိုးတုတ်ထမ်းဟန်ဖြင့် နှုတ်ကြမ်းစကားဆိုဟန် ကျီစယ်ခံရလည်း ကြောက်ရမှန်းမသိဘဲ ခိုးခိုးခစ်ခစ် ပြန်ရယ်ပြမိသေးသည်။ (ပသာဒ အတ္ထဗျတ္တိ)
၃။ ငါ့မြေ၊ ငါ့ယာ၊ ငါ့ရွာ၊ ငါ့အိမ်၊ ငါ့စိန်၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့ကား စသည်ဖြင့် လောဘမောဟ မကြီးမားခဲ့။ တုတ်ထမ်း / နှုတ်ကြမ်း။ အပူအပင်ကင်း/ ဖြူစင်ခြင်း (မဓုရတာ) (နဘေထပ်)
၄။ အနှိုင်းမဲ့ အပူအပင်ကင်းကာ ဖြူစင်ခြင်းတို့ဖြင့် ခြယ်သထားသော စိတ်မနောကို ပိုင်ခဲ့ကြသည်။ ( ဥဒါရတာ)
၅။ အိမ့်လမင်း အိမ့်ကုမုဒြာ အိမ့်ကဗျာ အိမ့်ဆည်းလည်းပင်။ ( ဩဇ)
၆။ အနာကြီးရောဂါစွဲကပ်ခံရသော စိတ္တဇဝေဒနာသည်လို ( သုခုမာလတာ)
၇။ ကလေးဘဝကို ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံဟုသာ ဆိုလိုက်ချင်သည်။ ( ကန္တိ)
၈။ သန္တရသ ရနံ့ထုံသင်းသော ထိုနိဗ္ဗာန်ဘုံကို လွမ်းမိသည်။ (သမာဓိ)
အတ္ထာလင်္ကာရ ဘက်၊ အလင်္ကာငါးမျိုးရှုထောင့်က စစ်မယ်။
၁။ ခိုးခိုးခစ်ခစ် (မြည်သံစွဲ)
၂။ အိမ့်လမင်း အိမ့်ကုမုဒြာ အိမ့်ကဗျာ အိမ့်ဆည်းလည်း (ဝင်္ကဝုတ္တိ)
အိမ်(မိသားစု)၏အေးချမ်းမှုပေးသောကလေး/ အိမ်တွင်လန်းဆန်းသစ်လွင်သောကလေး/ အိမ်၏ ဖွဲ့နွဲ့ချော့မြူခံရသောကလေး/ အိမ်တွင် သာယာသံြဖစ်စေသောကလေး။
၃။ လောဘဘီလူး ( ရူပက)
ကြမ်းတမ်းရက်စက်ကြောက်ရွံ့ဖွယ်ဂုဏ်တူ
၄။ အနာကြီးရောဂါစွဲကပ်ခံရသော စိတ္တဇဝေဒနာသည်လို (ဥပမာ)
ရွံရှာထိတ်လန့်ဖွယ် စိတ်ကြမ်း(အနှိုင်းခံ)
၅။ နိဗ္ဗာန်ဘုံ (အတိသယဝုတ္တိ)
၆။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ (ဝင်္ကဝုတ္တိ)
နှစ်သက်မှုဖြစ်ရတဲ့ စာ ရသ ဘက်က စစ်မယ်။
၁။ ကလေးဘဝအဖွဲ့ ( သန္တရသ)
၂။ လောဘစိတ်ကြမ်း (ဘယာနကရသ)
၃။ လောဘစိတ်ကြမ်း ( ဝိဘစ္ဆရသ)
၄။ ကလေးဘဝကုန်ဆုံးပြီးပျောက်သွားပြီး လောဘစိတ်မနောဖြင့် ဘဝေပးအရ ကျင်လည်နေရမှု ( ကရုဏာ)
တကယ်မကြုံလာဘူးလို့ ပြောမရပါ။
ဆရာ ဆရာမတို့ ကျွန်တော်တို့ကိုယ်တိုင် ပညာကိုယ်ခံ ပြည့်သည်ထက် ပြည့်ဖို့ လိုလာပါပြီခင်ဗျာဟု နှိုးဆော် ပါရစေ။
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
၀၉၀၅၂၂
Comments
Post a Comment