ပတ္တမြားပြဿနာဖြင့် သုခမိန်ကို ပညာစုံစမ်းခန်းမှ မင်းပူးဦးဩဘာသစကားပြေအရေးအဖွဲ့ကိုလေ့လာခြင်း
မြန်မာစာပေလေ့လာမှုမှာ ကုန်းဘောင်ကို ၂ခေတ်ခွဲတယ်ကလေး။ ဆရာတော်ကြီးက ဘိုးတော်ဘုရားလက်ထက်က စကားပြေရေးဖွဲ့စာဆိုပေါ့။ (အောက်ကပုံမှာ စာမိတ်ဆက်ထဲကသုတ ခက်ဆစ်တွေ ကို အကျယ်တဝင့် ဖတ်ကြည့်)
၂၀၂၂- G11 ကျောင်းသားကျောင်းသူက ဒီစကားပြေမှာ အားသာသွားရော။ စနစ်ဟောင်း G9 အဋ္ဌမတန်းမှာ သင်ဖူးခဲ့ရတာကိုး။ မဟောသဓာဇာတကကြီးလေ။
ပြန်တွေးကြရအောင်။
ဝိဒေဟတိုင်း၊ မိထိလာပြည်၊ ဝိဒေဟရာဇ် (ဝိဒေဟရာဇ) စိုးစံတယ်။ မိထိလာပြည်ဆိုတာ တိုင်းပြည်အမည်မဟုတ်ဘူး။ မိထိလာမင်းနေပြည် ကို ချုံ့ထားတာ၊ ဘုရင်စံတဲ့မြို့ဆို မင်းနေပြည်ပေါ့။ အရှေ့အရပ်က မုယောစပါးစိုက်တဲ့ အလယ်ရွာ (ပါစီနယဝမဇ္ဈဂုံး) မှာ ဖခင် သီရိဝဍ္ဎန သူဌေးကြီးနဲ့ မိခင် သုမနဒေဝီတို့မှ ဖွားမြောက်တဲ့ ဘုရားလောင်း မဟောသဓာ အကြောင်းပေါ့။
ခုနစ်နှစ်သား သုခမိန်အဖြစ် ကျော်လွန်းတဲ့အမည် မဟောသဓာသတို့သားဟာ ဇရပ် ရေကန် ဥယျာဉ် တည်ပြီးချိန်။ မင်းကြီးကလည်း အိပ်မက်အရ ပညာရှိရှာချိန်လေ။
စွန်ချီမဲသား နွားတရားနွှဲ လည်ရွဲခိုးသူ ယူ-ချည်ထွေးစ ဘီလူးမသားခိုး မယားခိုးသူ သိကြားယူရထား ခုနစ်ပါးသော စီရင် အစွမ်းပြမှုတွေကြောင့် သုခမိန်သတို့သားကို မင်းကြီးက နန်းတော်ခေါ်ချင်နေပြီ။
နန်းပညာရှိအမည်ခံ အမတ်လေးပါးရှိပြီးသား။ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ။
မဟောသဓာကို ရွံ့ပြီး အကောက်ကြံ တားဆီးတာက သေနကအမတ်။ အယုတ်တမာစိတ်နဲ့ ပြဿနာပုစ္ဆာတွေဖန်တီးစီရင်ပြီး မင်းကြီးက မဟောသဓာကို ပညာစမ်းဖို့ တွန်းအားပေးစီစဥ်တယ်။ (သေနကအမတ်ဟာ အရှင်မဟာကဿပ အလောင်းလျာနော်၊ ဒီဇာတ်တော်မှာတော့ ဗီလိန်လိုပဲ) သုခမိန်ဖြေရှင်းပြီးတော့လည်း မင်းကြီးကို သည်းခံပါဦး ငံ့ပါဦးနဲ့ တားနေလေရဲ့။ ရှားလှံရင်းဖျား ဦးခွံကျားမ မြွေဖိုမရယ် ကြက်ဖြူစကားထာ လေးဖြာပညာစမ်းပြီးချိန်။
ဖြည်းဖြည်းမှန်မှန် အဖြတ်အတောက် အရပ်အဆိုင်း မှန်မှန် ဖတ်ကြကွာ။ စာသုံးပိုဒ်ထဲရှိတာ။
— — — — — — -။ — — — — — — — — ။ — — — — — — ။
နည်းနည်းနားလည်ရင်။ တစ်ပိုဒ်ဖတ်လိုက်။ မှတ်စုထုတ်လိုက်လုပ်မယ်။ စာရဲ့ရည်ရွယ်ချက်က -ဘုရားလောင်း၏ ပညာပါရမီကြီးရင့်ခဲ့ပုံကို ထင်ရှားစွာ ပြဆို၍ ကြည်ညိုစေလိုသော ရည်ရွယ်ချက် ပေါ့။ ဒီဖြစ်ရပ်ကလေးက ပေးမဲ့ သင်ခန်းစာက — သဘာဝကို တွေးဆ ဆင်ခြင် အသုံးချပါက လိုရာပြီးမြောက်နိုင်ကြောင်း လို့ ထုတ်ယူထားလိုက်။ တန်ဖိုးကြီးတယ်နော။ မှတ်ပြီးပြီလား။
စာတစ်ပိုဒ်ရဲ့ အရေးအသားဆို ဘာတွေလေ့လာတာလဲ။ ရွတ်လိုက်ဦး။
အသုံးအနှုန်းဝေါဟာရ
ရေးသားတဲ့ဝါကျ
ပုဒ်ထားသိုဟန်ဆန်းစစ်ပါ
သုံးတဲ့အလင်္ကာ
ဝါကျစာပိုဒ်ချိတ်ဆက်ကြည့်
ရသကိုသိ ဂုဏ်ကိုသိ။
ခေါင်းစဥ်တပ်လိုက်။ ဘယ်မတိမ်း ညာမယိမ်း။ စာမျက်နှာရဲ့ အလယ်တည့်တည့်။ ရေးနေကျလက်ရေး။ ခေါင်းစဥ်မှန်းသိအောင် မျဥ်းတစ်ကြောင်း သားပါ။
မင်းပူးဆရာတော် ဦးဩဘာသ၏ ကုန်းဘောင်ခေတ် စကားပြေအရေးအသား လေ့လာချက်
နှောင်းလူတို့ စံထားရသော စကားပြေများဖြင့် ဇာတ်တော်ကြီးများကို ရေးသားခဲ့သော ဆရာတော်ဦးဩဘာသသည် ကုန်းဘောင်ခေတ် စာပေရေးဖွဲ့ချိန်မှစ၍ ယနေ့တိုင် နေတစ်ဆူ လတစ်ပါးဖြစ်။ ဆရာတော်၏ ချောမွေ့ပြေပြစ် နှစ်လိုဖွယ် စကားပြေရေးဟန်ကို လေ့လာမိသမျှ တင်ပြမည်ဖြစ် ( နိဒါန်းကလေးပျိုးလိုက်)
စောစောက မှတ်စုကြမ်းမှာ နာမ်အစု ကြိယာအစု အထူးပြုအစု ဝေါဟာရသုံးစွဲပုံက စဖြေ။
(၁) ဝတ္ထုကြောင်းတွင်ပါသော ကာလဒေသနှင့် လိုက်လျောညီထွေစွာ ဝေါဟာရသုံးကြောင်း။ အများအားဖြင့် ပေါရာဏရှေးစကားကို ရှောင်၍ရသမျှ ရှောင်ကာ သုံးကြောင်း။ ပတ္တမြား၊ ထီးနန်း၊ ကြိုးထားအပေါက်၊ ပျားရည်၊ ကမ္ဗလာချည်၊ စသည့် သိလွယ်ရှင်းလင်းသောစကားလုံး သုံးကြောင်း၊ ပါဠိသက်နာမ်များအဖြစ် ရာဇဒဏ်၊ ရာဇသံ၊ ရမ္မက်၊ ပညာ၊ ဂုဏ်၊ သတ္တိ၊ မင်္ဂလာ ဆိုသည့်ဝေါဟာရများကိုသုံးကြောင်း။ အကျဥ်းချုံ့ ဩဇဂုဏ်ဖြင့် ပျားရည်ရမ္မက် ဟုတီထွင်သုံးကြောင်း၊ စာရေးသောကာလ အခေါ်အဝေါ် ပုရွက်ကျဥ်နီပိုးရွ ဟူသည့် သတ္တဝါငယ်အမည်သည် ယနေ့သုံး ပုရွက်နီအကောင်ကြီးမျိုးဟု မှန်းဆမိကြောင်း။ ကြိယာအသုံးတွင် ထီးနန်းလဲဖောက် (မင်းဆက်ပြောင်းသည်)၊ သုံးဆောင် (အသုံးပြုဆင်ယင်သည်)၊ ဆော်နှိုး (သွေးဆောင်သည်) ဟူသော ရှေးစကားအသုံးကြိယာ ၃လုံးတွေ့ရကြောင်း။ စာရေးသူသည် ပေါင်းစပ်ကြိယာ သုံးစွဲမှု ကျွမ်းကျင်ခြင်းဖြင့် ပေးအပ်၊ ထွေးရော၊ ကိုက်ခဲသောက်စား၊ ကိုက်ငင်၊ နောက်ဆုတ်ဆောင်ယူ၊ ပို့ဆက်၊ ကြားသိ စသည်ဖြင့် အသုံးပြုကြောင်း။ ဝိဒေဟရာဇရဲ့ အရှိန်အဝါနဲ့နန်းဓလေ့ ပေါ်လွင်စေရန် တော်မူ စေ လျှောက် ဆက် စသည့်စကားလုံးများသုံးကြောင်း။ နာမ်ပေါင်းကြိယာအဖြစ် ထီးနန်းလဲဖောက်၊ ပြဿနာပြု၊ ကြိုးတပ်၊ ကြိုးကျစ်၊ ကြိုးနုတ်၊ ကြိုးသွင်း၊ ရမ္မက်ဆော်နှိုး၊ စသည်ဖြင့် သုံးစွဲပါကြောင်း။
အထူးပြုပုဒ်အသုံးမှာ- ကြိုးဟောင်းစ ဆွေးဆွေး၊ နူးညံ့သိမ်မွေ့လှစွာသော ကမ္ဗလာချည် ဟူ၍ ပုဒ်ထားပြေပြစ်မှန်ကန်စွာ အသုံးပြုကြောင်း။ ဟောင်း၊ သစ်၊ ရွ စသောနာမ္ထူးပြုများကို ထူးပြုခံနာမ်နှင့်ပေါင်းကာ ပေါင်းစပ်နာမ်ဖန်တီးကြောင်း။
(၂) ဝါကျရော ဝါကျရှည်ဟန်ဖြင့် ရေးသားကြောင်း၊ ဆက်စပ်မှုပြနောက်ဆက်(ဝါကျဆက်သမ္ဗန္ဓ) ပိုင်နိုင်စွာသုံးသည့်အပြင် ဇာတ်ဆောင်တို့၏ တိုက်ရိုက်စကားကိုပါ တစ်ဆက်တည်း ထည့်သွင်းဖွဲ့သည့် ဝါကျပုံစံဖြစ်ကြောင်း၊ စာရေးသူ၏ ဝါကျဆက်စပ်ပုံ သပ်ရပ်မှန်ကန်သဖြင့် ဖတ်သူအတွက် ရှင်းလင်းသော စကားပြေဖြစ်ရကြောင်း ဝါကျရှစ်ကြောင်းကို အထက်ဖော်ပြပါနည်းနှင့် တစ်ဆက်တည်း ဝါကျရောပြုပုံမှာ-
သာဓက- မင်းကြီးသည် ထိုပတ္တမြားကို ပြဿနာပြု(၍) /မဟောသဓာသုခမိန်ကို စုံစမ်းလို(သောကြောင့်)/ “အရှေ့ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါကြားသိတော်မူသည်(နှင့်အညီ)/ ဤပတ္တမြား၌ ကြိုးဟောင်းစကို နုတ်ပစ်(၍)/ ကြိုးသစ်တပ်ကြရမည်။ /ကြိုးသစ်မတပ်နိုင်(လျှင်)/ ရာဇဒဏ်တစ်ထောင် သင့်စေ”(ဟု)/ ရာဇသံနှင့်ပတ္တမြားကို ပါစီနယဝ မဇ္ဈဂုံးရွာသို့ ပို့စေ၏။
(၃) ဝါကျရှည်အတွင်း တိုက်ရိုက်ပြောစကားများ တစ်ဆက်တည်း ဆီလျော်စွာ ဆက်ရေးဟန်ကြောင့် ပြောသံ ဆိုသံ လှုပ်ရှားဟန်များကို မြင်ယောင်ကြားယောင်စေနိုင်သော ဖြစ်စဥ်ပြ-အလေးကဲ ၊သရုပ်ဖော်စွက် အရေးအသား ဝါကျဟန် ဖြစ်၍နေပါကြောင်း။
(၄) အသံချိုသော မဓုရတာဂုဏ်မြောက်စေရန် ရည်ရွယ်ခြင်းမဟုတ်သော်လည်း ကာရန်ချိတ်စကားပြေ ဝါကျဟန်များကြောင့် ပသာဒနဲ့ မဓုရတာ အားပြိုင်နေသော အရေးအဖွဲ့ဖြစ်ကြောင်း။
သာဓက- (က)ထီးနန်းလဲ ဖောက်၊ မ ပျောက် မပျက်၊ အဆက် ဆက်
(ခ) ကြိုးထားရာ အပေါက်၊ အကောက် ရှစ်ပါး။
(ဂ) ကြိုးနှင့် ပျား ကို၊ ခြား နား မထင်၊ သူအလျင် ငါ၊ ဦးအောင်သာ
(ဃ) ကြိုးနုတ်ကြိုးသွင်း အခြင်းအရာ ပညာဂုဏ်သတ္တိ
(၅) ဝါကျတွင်း အထူးပြုပုဒ်တွဲ နာမ်နဲ့ ကြိယာများကို နောက်ဆက်ဖျောက်၍ စကားချုံ့ ဩဇဂုဏ် မြောက်စေသည်မှာလည်း အရေးအဖွဲ့ပညာတစ်ရပ်ဖြစ်ပါကြောင်း။ သာဓက-
ကြိုးထားရာအပေါက်၊ အကောက်ရှစ်ပါး။
ပတ္တမြားမျက်မြတ်
စဥ်းငယ်သွင်း (အထူးပြုတွဲ ကြိယာ)
(၆) ဝါကျရှည်ပြီး စာဟန်လေးနေသယောင်ဖြစ်သော်လည်း ဘုရားဟောဇာတ်ဝတ္ထုဖြစ်၍ ရွတ်ဖတ်ရသည်မှာ ခံ့ညားလိုက်ဖက်မှုရှိကြောင်း၊ မဆီလျော်ဘဲ အနက်ရှုပ်ထွေးမည့် ပုဒ်ထားမှားဒေါသအပြစ်ကင်းပါကြောင်း ပေါ့။
ဖြေချိန်နဲ့အတော်လောက်ပဲ။ နိဂုံးကလေးထည့်ပေး။ မြတ်ဗုဒ္ဓအလောင်းတော် မဟောသဓာသုခမိန်၏ ဉာဏ်ပညာကြီးမားမှုကို ပေါ်လွင်စေကြောင်း၊ ပညာပါရမီကို ကြည်ညိုပီတိ သန္တရသခံစားရအောင် ရေးဖွဲ့နိုင်သည့်ရေးဟန်ဟာ စကားေပြကောင်းတစ်ပုဒ်လို့ ဆိုရမှာထက် ပိုလွန်နေမှာဖြစ်ကြောင်းပေါ့နော။
စေတနာဖြူဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
၁၀၀၅၂၂
Comments
Post a Comment