ဖြစ်စဥ်ပြနှင့် သရုပ်ဖော်တို့၏ ပါးလှပ်နံရံ
၁
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးတော့ရေးနေကြတာပါပဲ။ တစ်သက်တာလုံး စိတ်နှစ်ခဲ့သူ ပညာရေးသူတော်စင်များက အတိမ်းအစောင်းတွေ ဖြစ်မှာစိုးလို့ စောင်းပါးရိပ်ခြည် ထောက်ပြကြပါတယ်။ ပညာရင့်သူက ဘယ်သူနဲ့မှ အတိုက်အခံ မလုပ်ချင်ကြတဲ့အကြောင်းကို ပညာသူဖုန်းစားလိုကျွန်တော့်အတွက် ဆရာကြီးတွေကို ချဉ်းကပ်ခဲ့သမျှ တွေ့ခဲ့ရတဲ့ သကာခဲပါပဲ။ ဒါပေမဲ့ — -အချို့သော စာစိစစ်သူများသည် — -။
၂
“ပတ္တမြားပြဿနာဖြင့် စုံစမ်းခန်းမှ သရုပ်ဖော်အရေးအသားတို့ကို တင်ပြပါ။ “
ဆိုတဲ့ မေးခွန်းမျိုး ပါဝင်ပါတယ်။ ကလေးတွေအတွက် ဖွင့်ဆိုရှင်းပြ၊ ကြောင်းကျိုးပြ၊ ဖြစ်စဥ်ပြ၊ သရုပ်ဖော် စာအရေးအသား လေးမျိုးအကြောင်းကို ရေလည်အောင် သင်ခဲ့ပြီးပါပြီလား ပြန်တွေးစရာပါ။ အခု ဆွေးနွေးချင်တာက ဖြစ်စဥ်ပြ စကားပြေတစ်ပုဒ်မှာ သရုပ်ဖော်အရေးအသားကို အကောက်အယူကိစ္စပါ။ ကလေးများအပေါ် စေတနာတကယ်ရှိရင် အမှတ်သညာပေါ့ဆတတ်တဲ့ သူတို့အတွက် မှတ်စုတစ်ပုဒ်ဖြစ်ပြီးရော မဆောင်ရွက်သင့်ပါ။ ပညာေရးက တစ်ခေတ်ပြောင်းနေပါပြီ။
မှတ်စုထုတ်ပေးတာထက် တတ်စု ချရေးဆွေးနွေးတတ်အောင် သင်ကြရတော့မှာပါ။
အရိုးစွဲနေတဲ့ မှတ်စုခေါ်ပေး ကျက် ပြန်ချရေးပြနဲ့ ကိုယ့်အတွက် သူ့အတွက် တန်ဖိုးကြီးတဲ့ မိနစ်နာရီတွေ မပြုန်းစေချင်ပါ။
၃
ဖြစ်စဥ်ကို ပြုပုံ ဖြစ်ပုံ ရှိပုံ ဖြစ်ရပ်အစဥ်အတိုင်း ရေးပြထားတာ ဖြစ်စဥ်ပြပါ။ စောစောထ သွားတိုက် မျက်နှာသစ် အစာစား လိုမျိုးပေါ့။ စာသံပါမှ ခံ့ညားမယ်ဆိုရင်လည်း အများကြီးပါ။ ကူးရေးထားပြီး ပြောပါလိမ့်။
၁။ ရုပ်အမူအရာတွင်ပါဝင်ခြင်း
၂။ ရုပ်အမူအရာတို့ လှုပ်ရှားနေပုံ
၃။ ရုပ်အမူအရာတို့ ဖြစ်ပျက်နေပုံ
တို့ကို ရေးသားရသောစာရေးနည်းတစ်ရပ်သည် ဖြစ်စဥ်ပြရေးနည်း ဖြစ်ပါသည်။
လို့ ဆရာကြီးဦးသန်းထွတ်က ဆိုဆုံးမပါတယ်။
အခု ကာလအရွေ့မှာ ဆရာတွေကိုယ်တိုင်က အဖြစ်အပျက်တစ်ခုရဲ့ လှုပ်ရှားဖြစ်ပျက်မှု အစဥ်ကို ပေါ်လွင်အောင် ဖော်ပြတာနဲ့ “သရုပ်ဖော်၊ သရုပ်ဖော်နေတာ၊ သရုပ်ဖော်အရေးအဖွဲ့ပဲ” လို့ အသိမှားကြီးကို ဖြန့်ဝေနေခြင်းက အန္တရာယ်ကြီးပါတယ်။ ပါးလှပ်နံရံကို ပြီးစလွယ်မဖြတ်သန်းပါနဲ့။ စာအဆောက်အဦကို ဖြိုချတာနဲ့ တူပါမယ်။
၄
ဖြစ်စဥ်ပြရေးနည်းဟူသည် အဖြစ်အပျက်တစ်ခုခု (သို့မဟုတ်) အကြောင်းအရာ တစ်ခုခုကို အဖြစ်အပျက် တိုးတက် ဖြစ်ထွန်းမှု အစဥ်အတိုင်း (ဝါ) အချိန်ကာလစဥ်အတိုင်း အစဥ်မပျက် ကွင်းဆက်မိအောင် ရေးသားရသော နည်းဖြစ်သည်။
ဖြစ်စဥ်ပြရေးနည်းဟူသည် ဖြစ်ပျက်သမျှ အကြောင်းအရာ အဆင့်ဆင့်ကို မြင်သာစေသည့် စီကုံးဖွဲ့နွဲ့ရာတွင် လိုက်နာအပ်သော နည်းစနစ်ဟု ဆိုနိုင်သည်။
ဆရာကြီး ဦးဝင်းမောင် ( ရွှေရည်မင်းစံမြန်မာစာ) ရဲ့ ပို့ချချက်ပါ။
ဒါဆိုရင် ပတ္တမြားပြဿနာဖြင့် စုံစမ်းခန်းကို ပြန်ကြည့်ရအောင်။
ဖြစ်စဥ်ပြပုံတွေက-
၁။ ဝိဒေဟရာဇ်မင်းကြီး၌ နန်းစဥ်ဆက် ပတ္တမြား ရှိသည်။ (ဖြစ်စဥ် အစ)
၂။ ပတ္တမြား၏ ကြိုးပေါက်က အကောက်ရှစ်ခုရှိသောကြောင့် ကြိုးဟောင်းပြတ်ချိန် ကြိုးသစ်ပြန် မတပ်နိုင်။ (ဖြစ်စဥ် အကြောင်း)
၃။ မဟောသဓာကို ထိုပြဿနာဖြင့် စုံစမ်းလိုတယ်။ (ဖြစ်စဥ် အဓိက)
၄။ ပါစီနယဝ မဇ္ဈဂုံးရွာ ကို ကြိုးတပ်ပေးဖို့၊ ကြိုးသစ်မတပ်နိုင်ရင် ရာဇဒဏ်သင့်မည် လို့ ရာဇသံပေး စေခိုင်း။ (ဖြစ်စဥ် တိုးတက်ဖြစ်ထွန်း)
၅။ မဟောသဓာသုခမိန်က ရွာသားများကို မစိုးရိမ်ကြဖို့ ပြောပြီး ပျားရည်ယူခိုင်း။ (အထွတ်)
၆။ ပျားရည်စို ကမ္ဗလာကြိုးစကို ပုရွက်ကျဥ်နီများ၏ အစာရမ္မက်အပေါ် ဉာဏ်ဖြင့် အသုံးချကာ ကြိုးတပ်မှုပြီး။
၇။ မင်းကြီးထံ ဆက်သ လျှောက်ထား။
၈။ ပညာဂုဏ်သတ္တိကို မင်းကြီး နှစ်သက်၊ နန်းသို့ ဆောင်ယူလို၊ သေနကအမတ်က တားမြစ်။ (ဖြစ်စဥ် အဆုံး)
ဒါ့ကြောင့်လည်း ပညာသမ္ဘာရင့်ကျက်သူ ဆရာကြီးဦးဝင်းမောင်က ဖြစ်စဥ်ပြအားပြု စကားပြေသာ ဖြစ်တယ်လို့ ဆုံးဖြတ်ပေးတာပါ။
https://www.facebook.com/100013330929337/posts/1499271220527228/
၅
သရုပ်ဖော်အရေးအသားက ဘာတာဝန်ယူပေးသလဲ။ လေ့လာထားသင့်ပါတယ်။
ပညာရှင်အများစု ဖွင့်ဆိုချက်က — သက်ရှိသက်မဲ့တို့၏ ပုံပန်းသဏ္ဌာန် ၊ အရောင်အဆင်း၊ အသံ စတာတွေကို စာဖတ်သူရဲ့ စိတ်အာရုံမှာ မြင်ယောင် ကြားယောင် ရေးဖွဲ့ရတဲ့ ရေးပုံရေးနည်းပါ။ ဖြစ်စဥ်ကို သိရုံမျှမဟုတ်ပါ။ သက်ရှိသက်မဲ့ရဲ့ ဒြပ်သဏ္ဌာန် ပေါ်လာအောင် ဆေးပန်းချီခြယ်သလို ဖွဲ့နွဲ့ သရုပ်ဖော်ရပါလိမ့်မယ်။
ဆိုကြပါစို့။ သီဟာသနပလ္လင်ကြီးအနားက ရွှေကလပ်ကြီး။ စိုလဲ့ဝင်းတောက်နေတဲ့ အနီရောင်အခဲ။ လက်သီးဆုပ် ပမာဏ၊ ရွှေကလပ် ကတ္တီပါအဖြူခင်းပေါ်မှာ သွေးရောင်ဖြာလက်နေတဲ့ နန်းစဥ်ပတ္တမြား စတာတွေနဲ့ စီကံုးဖွဲ့ထားတာမျိုးသာ ပါရင်တော့ ဒါ သရုပ်ဖော်ပါ။
သရုပ်ဖော်နှစ်မျိုးလို့ ခွဲခြားကြပါတယ်။ သက်ငြိမ်ကို အတိအကျသရုပ်ဖော်တာမျိုးက ငွေစက္ကူ အသစ်ထုတ်ရင် အဲဒီငွေစက္ကူရဲ့ အရောင် သဏ္ဌာန် အရွယ်အစား ပါဝင်ပုံအသေးစိတ် လုံခြုံရေးအစီအမံ တန်ဖိုး စတာတွေကို သရုပ်ဖော်ရေးထားတဲ့ သတင်းစာကြေငြာချက်မျိုးပါ။ အချက်အလက်သတင်းပေးရာမှာ တိတိကျကျသရုပ်ဖော်ပြပြီး သိစေလိုတာမျိုးပါ။
နောက်တစ်မျိုးက သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် မြင်ကွင်းမှာ ရသခံစားချက်မှုန်းပြီး သရုပ်ဖော်တာပါ။ ရှင်လောင်းအဖ ကိုထွန်းကျော် အသက် ပုံပန်း အဝတ်အစား အဆင်အပြင် ရုပ်ရည်တွေကို စာတစ်ပိုဒ်နဲ့ ဖော်သလိုမျိုးပါ။ အင်းဝအုတ်ကျောင်းကြီးကို မြင်ကွင်းသရုပ်ဖော်ပုံမျိုးပါ။
စာသံနဲ့ ပြောပါဆိုရင် အောက်မှာ ဆရာကြီးရဲ့ အနှစ်ချုပ်ပို့ချချက် ပုံရိုက်တင်ပေးထားပါတယ်။
အခု ဖြေဆိုရှင်းလင်းဆွေးနွေးရမဲ့ အပိုင်းမှာ-
ဆရာတော်မင်းပူးဦးဩဘာသသည် သမ္ဗန္ဓ စကားအဆက်အစပ်နောက်ဆက် ကျွမ်းကျင်သော စကားပြေပညာရှင်ဖြစ်သည်။ ကျယ်ပြော သော ဖြစ်စဥ်တစ်ရပ်ကို ဝါကျရောရေးဖွဲ့အတတ်ဖြင့် စကားချုံ့ဩဇဂုဏ်မြောက် ဖြစ်စဥ်ပြရေးနည်း အားပြု ရေးဖွဲ့သည်။
မဟောသဓာသုခမိန်၏ ပတ္တမြားကြိုးတပ်ပုံဖြစ်ရပ်ကိုမူ သရုပ်ဖော်အရေးအဖွဲ့အဖြစ် ရေးဖွဲ့ထားပါသည်။ (မူရင်းအရေးအသား သင့်တင့်ေအာင် ကောက်နုတ်)
ပတ္တမြား၌ ပျားရည်လိမ်းသုတ်ပုံကို အပေါက်အဝနှစ်ဖက်ဟု နေရာတိတိကျကျပြ သရုပ်ဖော်။ ကမ္ဗလာချည်ကြိုးကျစ်ပုံကို နူးညံ့သိမ်မွေ့လှစွာသောဟူသည့် သာလွန်အထူးပြုပုဒ်ဖြင့် သရုပ်ဖော်။ ပျားရည်သုတ် ကမ္ဗလာကြိုးစကို ကြိုးဟောင်းစတစ်ဖက်နှင့်တေ့၊ စဥ်းငယ်သွင်းဟု ပြုမူလှုပ်ရှားပုံ သရုပ်ဖော်၊ ပုရွက်ကျဥ်နီတို့၏ အစာရမ္မက်ကို အသုံးချမည့် သုခမိန်၏ ဉာဏ်ရည်အား” ပိုးရွများတို့နေရာ လမ်းဝ၌တေ့ ပတ္တမြားကိုထား” ဟု သရုပ်ဖော်။ ပုရွက်တို့၏ သူ့ထက်ငါ ကိုက်ခဲစားသောက်ပုံကြောင့် ကြိုးဟောင်းစဆွေးကုန်ကာ ပတ္တမြားအတွင်း အကောက်ရှစ်ရပ်အပေါက်လမ်းတွင်း ပုရွက်တို့ ရောက်သွားပုံ၊ ပျားရည်စို ကမ္ဗလာကြိုးသစ်ကိုကိုက်၍ ယူငင် နောက်ဆုတ်ဆောင်ယူကြပုံကို အသေးစိတ် သရုပ်ဖော်ထားသည်။
ဖြစ်ရပ်သည် လက်ပေါ်တင်ထား ပတ္တမြားကဲ့သို့ ပြတ်သားထင်ထင် ပေါ်လွင်လာရသည်က ဦးဩဘာသ၏ သရုပ်ဖော် အရေးအသားကြောင့်သာ ဆိုတာနဲ့ နိဂုံးပေးမှာပါ။
ဖြေချိန် မိနစ်၂၀ လောက်ကြာမယ်ထင်ပါတယ်။
၆
ပါးလှပ်နံရံကလေးကို ကလေးတွေ မြင်အောင် သင်ပေးတတ်သူသာ ဖြစ်ချင်ပါတယ်။
ဤစာစုဖြင့် ဆရာကြီးဦးဝင်းမောင်(ရွှေရည်မင်းစံမြန်မာစာ) အား နဖူးမြေစိုက် ဦးခိုက်ကန်တော့ပန်းဆင်ပါသည်ခင်ဗျား
ဂါရဝဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
၂၇၀၅၂၂
Comments
Post a Comment