ဝဇီကိုင်မှ စရိုက်ဖော်အရေးအဖွဲ့
အကျော်အစော၊ အစီးအပွား
လားလားမျှ မမျှော်ကိုး
သင်ကြားမှု ကြိုးပြတ် ရူးသွပ်ခိုက်မှာ
ကိုယ့်စရိုက် ကိုယ့်ဝါသနာ
ကိုယ့်ဘာသာ ကိုယ်ပျော်မွေ့
အာသာအငွေ့ တင်းတိမ်လို၍သာ
တွေးမိတာ ခေါင်းကထုတ်
ကီးဘုတ်လက်တင် မပျော်မရွှင်ဝေငှ
ဟေ့ မာန်မချဘူး
တစ်ခါကဘဝ ငါတို့ ပြန်ရကို ရစေရမယ်။
စရိုက်ဖော်အရေးအဖွဲ့ဆိုတာ
ဝဇီကိုင်ရဲ့စရိုက်
ကလေးရေ ။ ပြီးခဲ့တဲ့ အချိန်က ဟဿရသအလေးကဲ သရုပ်ဖော်ဝတ္ထုက စကားအသုံးအနှုန်းဝေါဟာရတွေကို ဆရာတို့ ပြောခဲ့ကြတာနော်။ ဆက်လေ့လာရအောင်။
၁။ လေသံ
ဒီဝတ္ထုမှာ လေသံကို အကဲဖြတ်တော့ သိကျွမ်းရင်းနှီးပြီးသူကို ပြောပြနေတဲ့ လေသံ။ ကျွန်တော်ဆိုတဲ့ နာမ်စားကိုသုံးပြီးပြောတယ်။ နိဒါန်းဝါကျ ကာလဒေသအဖြစ်အပျက်ကို အတည်ပြောပြနေဟန်နဲ့ အစပြုပြီးမှ သရော်တဲ့လေသံ၊ ရွှတ်နောက်နောက် ပြက်ချော်ချော် ရယ်ရွှင်ပျော်မောမှုကို ဖန်တီးပြောဆိုနေတဲ့ လေသံကို အသုံးပြုထားတာကို ကလေး ရှုမြင်တတ်ရမယ်။
၂။ စရိုက်
အဖြစ်အပျက်ပြောပြတဲ့ တက္ကသိုလ်ကျောင်းသား ဝဇီကိုင်က အဓိကဇာတ်ဆောင်ပေါ့။ ရွာသားရွာသူတွေက ဇာတ်ပို့ ဇာတ်ရံအနေနဲ့ပေါ့။ ဘောလုံးသမားတွေက အဓိကဇာတ်ပို့တွေလို့ မြင်တတ်ရင် ဝဇီကိုင်ရဲ့စရိုက် ၊ဒေသခံရွာသားများရဲ့စရိုက်၊ ဘောလုံးသမားတွေရဲ့စရိုက် လို့ ခွဲခြားလို့ ရတာပေါ့။
အဲဒီ စရိုက် ဆိုတာက ဘာလဲလို့ တွေးကြည့်ရအောင်။ အမူအကျင့်ပေါ့၊ အပြုအမူပေါ့။
ကံသုံးပါးဆိုတာ ကိုယ် နှုတ် စိတ်။ အပြုအမူ အတွေးအကြံ အပြောအဆိုကို ကံသုံးပါးအမူအရာ လို့မှတ်ထား။ အေး အဲဒါစရိုက် ပါပဲ။
၃။ စရိုက်သရုပ်ဖော်ခြင်း
ဒီဟာသအလေးကဲ ဝတ္ထုတိုမှာ ပြောပြနေသူကိုယ်တိုင်က အဓိကဇာတ်ဆောင်။ အမည်တော့ ဖော်မပြဘူး။ တက္ကသိုလ်ကျောင်းသား ဝဇီကိုင် လို့ သိထားကြပြီ။ သူ့ဇာတ်လမ်း သူ့အတွေ့အကြုံကို သူပြောပြဟန် ဆိုတော့ သူ့စရိုက်ကို အလေးပေးပြီး ပြောတော့/ရေးတော့တာပဲပေါ့။ တကယ်ရေးသူက ဆရာကြီး ကုသ ။ သူက သူ့ဇာတ်ဆောင် ဝဇီကိုင်ရဲ့စရိုက်ကိုဘယ်လိုသရုပ်ဖော်ထားသလဲ။ ပြဋ္ဌာန်းချက်ကို တစ်ပိုဒ်ချင်းပြန်ဖတ်မယ်။ စာရေးသူရဲ့ အရေးအပြောမှာ ဇာတ်ဆောင်ရဲ့ စရိုက်ကို တွေ့မှာပဲ။ သူ့စိတ်ထဲ ယူဆ ထင်မြင် တွေးမိပုံကို စာဖတ်သူကိုပြန်ပြောပြဟန်က မနောကံစရိုက်။ သူ့နှုတ်ထွက်စကားကို ဖော်ပြထားချက်က ဝစီကံစရိုက်။ ပြုမူဆောင်ရွက်လှုပ်ရှားချက်က ကာယကံစရိုက်ပေါ့။ ဘယ်လိုစရိုက်ဆိုတာ ကလေးတို့ ယူဆမိသလို အမည်တပ်ခွင့်ရှိတယ်။
က။ မန်ကျည်းပင်ရွာ ဆယ်အိမ်ခေါင်း မောင်ဖိုးဘက ဘောလုံးပွဲမှာ ဝဇီကိုင် လုပ်ပေးဖို့ အကူအညီတောင်းတော့ ဝဇီကိုင်ရဲ့ အရေးပါသူအရာရောက်သူအဖြစ်အထင်ကြီးခံလိုတဲ့စရိုက်၊ ထည်ဝါဝင့်ကြွားဟန်များတတ်တဲ့စရိုက် ကို — “ဘောလုံးကန်အင်္ကျီအကျား၊ ခြေအိတ်အကျား၊ ဘောင်းဘီကိုဝတ်ပြီး လှေလှော်အသင်းကုတ်အင်္ကျီအစိမ်းကို အပေါ်ရုံ၍” လို့ သရုပ်ဖော်တယ်နော်။
ခ။ ကာလဒေသကိုချင့်ပြီးကျေနပ်တင်းတိမ်တတ်တဲ့စရိုက် ကို- ကျေးလက်နဲ့ရန်ကုန်၊ နွားလှည်းနဲ့မော်တော်ကား၊ နွားချေးအနံ့နဲ့ဓာတ်ဆီအခိုးအနံ့ ယှဥ်၍တွေးတောမိပုံနဲ့ သရုပ်ဖော်တယ်။
ဂ။ အသွင်ကသာဟန်များပေမဲ့ပင်ကိုစိတ်ကရွှတ်နောက်ပျော်ရွှင်တတ်တဲ့စရိုက် ကို ဂေါဏမော်တော်ကား၊ တက္ကသိုလ်ဝဇီကိုင် ဘယ်လိုအကောင်စား၊ မင်းသားပွဲတော်တည်၊ ရာဇကုမာရ ရာဇိန္ဒြေ၊ အတွင်သားဟပ်၊ ဗိုက်ကား၊ ကွတ်နီနာမ အဿလိမ္မာ စတဲ့ ေဝါဟာရအခင်းအကျင်းတို့နဲ့ ပေါ်လွင်စေတယ်။
ဃ။ အရေးတယူဦးစားပေးတာကိုနှစ်သက်တတ်တဲ့ပုထုဇဥ်စရိုက် ကိုလည်း မာန်တက်ဂုဏ်ဆာတဲ့လေသံနဲ့ သရုပ်ဖော်တယ်။(သာဓက)
- ဝဇီကိုင်ကို သိရှိရန် လာ၍စောင့်နေကြသည်မှာ မနည်းလှပေ။
- မျက်လွှာကို အောက်ချ၍ မနီးမဝေးမှ ဒူးတုပ်ကာ ခစားနေကြ၏။
- “အရန်သင့်ပွဲတော်များ ပြင်ဆင်ထားနှင့်ပါတယ်” ဟု မရဲတရဲကြည့်ကာ နားတော်လျှောက်ကြလေသည်။
- မျက်နှာထား ခပ်တည်တည်နှင့် ဂေါဏယာဥ်ပေါ်မှ ဆင်းသက်ခဲ့တော့၏။
င။ အရွဲ့တိုက်ကဲ့ရဲ့လှောင်ပြောင်ဟာသလုပ်တတ်တဲ့စရိုက် ကို ဝီစီအစား ဝါးကလတက်ငယ်နှင့် ခေါက်ရန်တုတ်တိုကိုင်ပြီး ဘောလုံးပွဲဒိုင်လုပ်ပုံ။ မန်ကျည်းပင်ရွာမှ အခေါ်အဝေါ် ဘောလုံးပွဲ ဝေါဟာရများဘာသာပြန်ခေါ်ဝေါ်ပုံကို အံ့ဩဝမ်းသာမိပုံ၊ ရွှေဖရုံသီးနှင့် သဏ္ဌာန်တူ သော ဘာဘူချုပ်ဘောလုံး စသည့် တွေးမြင်ယူဆပုံ ပြန်ပြောဟန်နဲ့ သရုပ်ဖော်ထားပုံကို ကလေးမြင်အောင် ဖတ်ပေါ့ကွာ။
သရော်စာ ဟာသသရုပ်ဖော်တဲ့အခါ စာရေးသူက ရယ်ရပြီးရောဆိုပြီး ရေးတာမျိုးက ဟဿရသ ဖန်တီးမှုသက်သက်။ အရယ် နောက်မှာ အမော ထည့်ထားတဲ့ ပညာပေးလိုမှုရှိတတ်တယ်။ ဒီဝတ္ထုမှာ ဆရာကြီးကုသ စောင်းပါးရိပ်ခြည် လှောင်သရော်လိုတာက နိဂုံးမှာ ရှိနေတယ်။ မြင်အောင်ဖတ်ပြီး တွေးကြည့်ရင် ခေတ်ပြင်အတွေး ကို ပါးပါးကလေး မြှုပ်ထည့်ထားတာ။ “လူတွင်ကျယ်လုပ်တတ်တဲ့ ပညာမပြည့်စုံသူဟာ အခက်အခဲရှုတ်ထွေးလာရင် ကိုယ်လွတ်ရုန်းတတ်တဲ့ အတ္တရှိတတ်ပုံ” ကို ဖျတ်ခနဲ ပြလိုက်တာ။ အဲဒါလေးနဲ့ ဝတ္ထုကို နိဂုံးချုပ်ထားကြောင်း ထည့်ဖြေနော် ကလေး။
စ။ စရိုက်ကြမ်းရန်ပွဲ နဲ့ တွေ့ချိန်၊ တက္ကသိုလ်ကျောင်းသားဝစီကိုင်ရဲ့ ခြေမကိုင်မိ လက်မကိုင်င်မိ ထိတ်ထိတ်ပျာပျာ ဖြစ်ရပုံကို သရုပ်ဖော်ပြီး
ပြဿနာမရှင်းနိုင်ရင်ကိုယ်လွတ်ရုန်းတတ်သောအတ္တစရိုက် ကို “ အလျင်အမြန် ဘောလုံးကွင်းမှ ထွက်ခဲ့ပြီးသော် ကွတ်နီအဿထိုရ်ပေါ်သို့ လွှားကာတက်လေ၏။ လျင်မြန်ခြင်းဖြင့် အတွင်သားနှင်ရာ နေအိမ်သို့ ညနေတွင် ရောက်လေ၏။ သို့မှ စိတ်အေးသွားတော့သည်။ အပူလုံးကြီး ကျသွားပြီတကား။” လို့ ရေးဖွဲ့ပုံတွေဟာ နှစ်သက်စရာ ဖြစ်ရကြောင်းပေါ့။
စရိုက်ဖော်အရေးအဖွဲ့ လေ့လာပုံနဲ့ ကလေးရဲ့ အကဲဖြတ်ချက်ကို ရဲရဲပြော ရဲရဲဝေဖန်တင်ပြတတ်တဲ့ အမူအကျင့်ကို ဒီတစ်ပုဒ်မှာ သင်ယူပြီးရင် နောက်အလားတူတွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သာ အားပြုပေတော့ကလေးရေ။
ပြဋ္ဌာန်းချက်ကတော့ အရင်လို ကျက်ကျူကေးရှင်းမဟုတ်တာသေချာတယ်။ တို့တွေလည်း စရိုက်ပြောင်းကြရအောင်နော်။
စေတနာ အာသီသ ဂါရဝဖြင့်
ကံ့ကော်ကောင်းကင် မြန်မာစာ
၀၂၀၅၂၂
Comments
Post a Comment