သတ်ပုံ

 သတ်ပုံ (စာသင်ချိန် ၂)



သတ်ပုံ ဆိုတာ ဘာလဲဟေ။ သတ်ပုံဆိုတာ အသတ်ရေးထုံးကို ပြောတာ။ ပြန်ပြောစမ်းပါဟယ် တက်တက်ကြွကြွ။ သတ်ပုံ = အသတ်ရေးထုံး။

ဒါဆို အသတ် ဆိုတာက ဘာလဲ။

ဗျည်းနဲ့ရောနေ သရကို

သတ်ထားပါကြောင်း ဖော်ပြဆို

အသတ်တံခွန် သင်္ကေတ

ဗျည်း အထက်က ပြ

စကားလုံးတစ်လုံးမှာ ဗျည်းတွေဟာ သရနဲ့ပေါင်းပြီး အသံတွေကိုယ်စားပြုနေတယ်။ ဗျည်းပေမဲ့ ဗျည်းအလုပ်တာဝန် အသံပြတဲ့အလုပ်ကို သူမလုပ်ဘူး။ သရတာဝန်ကိုသာ ထမ်းနေတာလို့ သိဖို့ တံခွန်လွှား ( — ် ) ပြထားတာကို အသတ်လို့ခေါ်တာ။ အသတ် မရှိလို့ “ဒါ ဘာမြို့လဲ” ဆိုတာရေးလို့ ရပေမဲ့ ရနကုန လေ လို့ ပြန်‌ဖြေတယ်ဆို ဘင်္ဂလားအသံထွက်ဖြစ်နေတော့မပေါ့။

ရ + အံ = ရံ ၊ က + အုံ = ကုံ

ပြောချင်တဲ့ အနက်မဲ့ အသံသာဖြစ်နေတဲ့ ရံကုံ

ပြောချင်တာက အန္တရာယ်တွေ မရှိတဲ့ အနက်ဆို သေးသေးတင် သရတွေအစား ဗျည်းအုပ်စုက “န” ကို တာဝန်ပေးကြည့်တယ်။ ရန်ကုန်

စေစောက ရနကုန က “န” “န” ဆိုတဲ့ အသံတွေ မထွက်လာတော့ဘူး။ ပါနေတဲ့ “န” ဟာ ဗျည်းဆိုပေမဲ့ ဗျည်းအလုပ်မလုပ်ကြောင်း သရတာဝန်ထမ်းနေကြောင်း သိဖို့ သတ်လိုက်တာလေ။

လိုက်အော် သတ်ရင်သေတယ် သေရင်အသံမထွက်ဘူး။ ဗျည်း ၃၃ လုံးမှာ ထိပ်ဆုံးဗျည်း ၅ လုံး နဲ့ နောက်ဆုံးဗျည်း ၄ လုံးကို ဗျည်းသာမက သရတာဝန်ပါ ထမ်းခွင့်ပြုတယ်။ အဲဒီမှာ ‌ရှေးရေးထုံးအစဥ်အလာမို့ ပါဠိဘာသာက ( ဉ ) ကိုလဲ ညကလေးလို့ ခေါ်ပြီး အသတ်တာဝန်ယူစေတယ်။ မြန်မာအသတ် ဆယ်ပါးဆိုတာ အဲဒါပဲ။

ကြောင်ငစင်းညညတိုင်းနို့ပုံးမှောက်ယက်

က ၊ င ၊ စ ၊ ဉ ၊ ည ၊ တ ၊ န ၊ ပ ၊ မ ၊ ယ ။

ငသတ် နဲ့ ဉကလေးသတ်

အသံအထုတ်မှာ တူနေတာ၊ သိပ်မခြားနားတာကြောင့် သတ်ပုံမှားတတ်တယ်။

အနက်မှန်ဖို့အတွက် အသံကို စွဲမရေးတာကို သတိပြုရမယ်။ သင်ပုန်းပေါ် ဆရာရေးတာကို လိုက်ကူး။ အသတ်မတူဘဲ အသံတူနေရင် မင်နီနဲ့ မျဥ်းသားထားစမ်း။ နောက်ဆုံးချောင်က မျောက်ရှုံးကောင်တွေ ငါသင်ပုန်းပေါ်ရေးပြီး နောက်သုံးမိနစ်ဆို မင်းတို့လဲ ပြီးနေရမယ်နော်။ အာရိုက်မနေနဲ့။

ကျင်း တူးထားတဲ့ မြောင်းက ကျဥ်းမြောင်း လွန်းပါတယ်။ ခြံနှစ်ခြံကို ထုတ် ချင်း ပေါက် ဆက်ထားတဲ့ မြောင်းပေါ့။ ကျုပ် အဲဒီမြောင်းနား ချဥ်းကပ် သွားတယ်။ အ‌ရေးထဲ အနားက နတ်စင်ပေါ်က ကျွတ်ကျွတ်အိတ်တစ်လုံးက လေတိုက်လို့ လွင့်စဥ် ထွက်လာတယ်။ နတ်တင်ထားတဲ့ ပန်းသီးတွေက စားချင်စရာ သန့်သန့် စင်စင် လက်ရွေးစင် တွေချည်း။ ဘာနတ်လဲတော့မသိဘူး ပန်းပုရုပ်မှာ နှာတံကို စင်း နေတာပဲ။ နွားစာ စဥ်း တဲ့ ဓားမတိုကို ကျုပ်ကိုင်ထားတယ်။ ဟိုဖက်ခြံမှာ အမဲသားကို ဒီဓားနဲ့ပဲ ညှင်း ပေးမလို့။ အဲဒီနွား မသေခင်က လယ်ရှင်တွေက ညှဥ်းဆဲ ကြတာလေ။ နွားက သနားစရာ။ ညှဥ်းပန်း သမျှခံရပြီး အခုသေပြီ။

ဖျင်း လိုက်တဲ့ ကံ။ မြောင်းထဲ ဖြတ်လျှောက်လာတာ ထိကရုန်းဆူးချုံ နင်းမိပြီး ဘိနပ်မပါတဲ့ ခြေဖဝါး က စပ်ဖျဥ်းဖျဥ်း ဖြစ်သွားသေး။ ပခုံးတင်ထားတဲ့ အင်္ကျီ ဖျင်စ နဲ့ ပွတ်ပစ်လိုက်တယ်။ အသံကြားနေရတယ်။ ဟိုဖက်ခြံက လင်မယား ရန်ဖြစ်ကြပြန်ပြီလား။ ရောက်တာနဲ့ ရန်ပွဲ ဖျဥ် ရဦးမယ်ထင်ပါရဲ့။

ပြီးပလား ဟေ။ တွေ့လား သတိထားဖို့ ဘယ်လောက်မှ မများဘူး။

ကျင်း နဲ့ ကျဥ်း မှာ ကျင်းက တူးထားတဲ့တွင်း၊ ချိုင့်နေတဲ့ မြေ။ ကျဥ်း က မကျယ်တာ။

ဘာအနက်နဲ့ ရေးချင်လဲ မှန်အောင်ရေး။

အမြင်မကျယ်ဘူးဆို အမြင်ကျဥ်းတယ်လို့ ရေးပေါ့။ အမြင်ကျင်းတယ် ရေးရင်မှားပြီလို့ သိလိုက်တာ ကြောင်းကျိုးသိတာပေါ့။

ချင်း ဆိုတာ ထိုးဖောက်တဲ့ အနက်။ တိုင်းရင်းသားလူမျိုးအမည်တစ်ခု။ ဟင်းချက်တဲ့ ဂျင်းကို ရေးတဲ့သတ်ပုံအမှန်။

ထိုးဖောက်တဲ့ အနက်မို့ ထုတ်ချင်းပေါက် ပေါ့။

ထုတ်ချဥ်းပေါက် ဆိုမှားပြီ။

ချဥ်း ဆိုတာက အနီးကို ကပ်လာတာ။ သူ့အနားသွားတာကို ချဥ်းကပ် ချဥ်းနင်း ဒီလိုရေးမှာပေါ့။ မူလအနက်သိရင် သတ်ပုံမမှားဘူး။

စင် ဆိုတာ အညစ်ကင်းတာ သန့်ရှင်းတာ ခပ်မြင့်မြင့်လုပ်ထားတဲ့ အပြင်အချပ်

စဥ် ဆိုတာက လွင့်ထွက်တာ လို့ သိထားရင်

လက်ရွေးစင်/လက်ရွေးစဥ်

စာအုပ်စင်/စာအုပ်စဥ်

ဖိတ်စဥ် လွင့်စဥ် / ဖိတ်စင် လွင့်စင်

မှားစရာမရှိတော့ဘူးလေ။

စဥ်း တယ်ဆိုတာ သေးသေးနုပ်နုပ်ဖြစ်အောင်လုပ်တာ။

စင်း တယ်ဆိုတာ မကွေ့မကောက် ဖြောင့်တာ

နှာတံစင်း/နှာတံစဥ်း

နွားစာစဥ်း/နွားစာစင်း

နုပ်နုပ်စဥ်း/ နုပ်နုပ်စင်း

စဥ်းလဲကောက်ကျစ်/စင်းလဲကောက်ကျစ်

ဘာကအမှန် တွေးတတ်တာပေါ့။

ညှင်း ဆိုတာ အရေပြားရောဂါ။ ညှင်းတယ်ဆိုတာ စားစရာအသားကို အမြှောင်းမြှောင်းလေးတွေဖြစ်အောင် ပြုပြင်တာ။

ဉကလေးသတ် ညှဥ်းတယ်ဆိုတာက နှိပ်စက်တာဟဲ့။ ဒါ့ကြောင့်

ညှဥ်းဆဲ/ ညှင်းဆဲ

ညှဥ်းပန်း/ ညှင်းပန်း

နင်တို့ သိသင့်တာပေါ့။ မူလအနက်ကို မှတ်။

ဖျင်းတယ်ဆိုတာ ညံ့တာ။

ဖျဥ်းက လေဖျဥ်း ဝမ်းဖျဥ်း ဆိုတဲ့ ရောဂါနာမည်

အဆက်မပြတ်နာနေတာဆို ဝေဒနာလေ။ စပ်ဖျင်းဖျင်း သွားရေးရင် စပ်ညံ့ညံ့ ဖြစ်နေမပေါ့။ စပ်ဖျဥ်းဖျဥ်း လို့ ရေးရမှာပေါ့။

ဖျဥ် တယ်ဆိုတာ ဖျန်ဖြေတာ

ဖျင်က အထည်စ၊ အင်္ကျီ ဆို

ရန်ဖြစ်တာ ဝင် ဖျင် မလားလေ။ ဝင် ဖျဥ် မှ မှန်မှာပေါ့။

မှတ်ထား င သတ် နဲ့ ဉကလေးသတ် ( အုကလေးသတ် မလုပ်နဲ့ဦး)

င သတ် နဲ့ ဉကလေးသတ် က ဒါပဲရှိတယ်။ ကျန်တာကမမှားဘူး။ ကျင်/ကျဥ်/ကြဥ် ။ ချင်/ချဥ် လိုပေါ့။

စေတနာဖြူဖြင့်

ကိုရင်သန့်

ကံ့ကော်ကောင်းကင် မြန်မာစာ

၀၂၀၂၂၂

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်