မြဝါ/မြဆင်း/မြကုံး/မြခဲ စသည်များနှင့် သမုဒယ မြရည်

 


ကိုယ်က သူများအကြောင်း ပုဂ္ဂိုလ်ရေးတွေကို စိတ်ဝင်စားလေ့မရှိအောင် အမူအကျင့်လုပ်ထားမိသလိုပါပဲ။ ဒါပေမဲ့ စာထဲ အာရုံနှစ်တတ်သူဖြစ်လို့ နှုတ်ထွက်စကား ရင်တွင်းလာစကားတွေကျ ရေရေရာရာ သိချင်တယ်။ ဒီသုံးလေးရက် သိချင်နေမိတာက လုလင်တစ်ဦးကို ဂုဏ်တင်အဖွဲ့တွေထဲက ရှေးမြန်မာတွေ သုံးလေ့ရှိတဲ့ #မြ ။ ဒီအသုံးမှာ “ မြ”

စကားလုံးက သ ‌ေင်္ကတ စကားလုံးလို့သာ ဆိုရမှာပါ။ မြ ရဲ့ အနက်က အဆန်းတကြယ်မှ မရှိတာ။ တိုက်ရိုက်အနက်မှာ မြ ဆိုတာ နာမ်အနက်အရ ကြည်လင်တောက်ပနေတဲ့ အစိမ်းရောင် တွင်းထွက်ကျောက်။ ဝိသေသနအနက်အရ ပါးလှပ် ထိရှလွယ် ထက်သော ဆိုတာမျိုးလို့ နားလည်ထားမိပါတယ်။

ပစ္စည်းအဖြစ် ချိုမြ အေးမြ စသဖြင့် အသုံးလည်းရှိမယ်ပေါ့။


ပုဂံခေတ် မရကန် မြကန် က- စ မြကို စိုပြည်မှု ဂယက်အနက်နဲ့ သုံးခဲ့ကြဟန်ပါ။

ကဗျာအသုံးမှာ လုလင်ဂုဏ်တင်ဖွဲ့ (မောင်ဘွဲ့)အဖြစ် ပုဂံခေတ် ရှေးအကျဆုံးကဗျာသတ်မှတ်တဲ့ အချင်းငယ်ကဗျာမှာ သူ့ချစ်သူမောင်ကို ကျိုင်းစင်မြဝါ လို့ တင်စားမှု စမြင်တွေ့ရပါတယ်။ ဖွံ့ထွားစင်ကြယ်စိုပြေမှု ဂုဏ်ပြစကားလို့ ဆည်းပူးမိပါတယ်။

ကိုယ်က အတွေးနဲ့ငြိမ့်နေတတ်သူဖြစ်လို့

မြ = မရ = အမရ = သေခြင်းကင်းသော ဆီလည်း အာရုံသွားပါတယ်။ သေခြင်းကင်းမှုဆိုတာ နုပျိုလတ်ဆတ်မှုအမြဲရှိနေဟန်ကို “မြ” က အနက်ဆောင်သေးလေသလား။


ပုဂံ ပြီးတော့ ပင်းယပေါ့။ နာမည်ကျော် မြင်စိုင်းကာချင်းကြီးထဲမှာ

“ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊

မြအဆင်းသို့”

သီဟသူရဲ့ဂုဏ်တင်ဖွဲ့မှာ မြအဆင်း ဆိုတာကလေးသုံးပြထားတယ်။ စိုပြည်စင်ကြယ်ကြည်လင်မှုသဘောပါပဲ။


ငယ်က ပညာမရှာခဲ့မိတော့ ပျို့တွေကို လုံးစေ့ပတ်စေ့ နားမလည်ပါခင်ဗျာ။ အင်းဝခေတ် လုလင်ဂုဏ်တင်ဘွဲ့ မောင်ဘွဲ့ တွေ မနှံ့စပ်ပေမဲ့ တွေ့ရာကောက်လှန်တော့ အရှင်အဂ္ဂသမာဓိ ဖွဲ့တဲ့ သုဝဏ္ဏလျှံပျို့မှာ မြားဆိပ်မူးချိန် မယ်တော်နဲ့ခမည်းတော်ငိုတော့

“ခိုင်ကျည်လက်ရုံး၊ သား မြကုံး ကို၊ အဆုံးကြံတတ်၊ ဘီလူးသတ်သို့။” ဆိုတာမျိုး။

စိုပြည်စင်ကြယ်ကြည်လင်မှုသဘောပါပဲ။


လိုချင်တဲ့ နေရာ ရောက်ပါပြီ။ တောင်ငူခေတ်။

သက္ကရာဇ် ၉၀၀ ဝန်းကျင်မှာ စာဆိုအဖြစ်ပေါ်ထွန်းခဲ့တဲ့ ပြည် နဝဒေးကြီးပါ။ မြ ဆိုတဲ့စကားလုံး အတော်သုံးပါတယ်။ ကျွန်တော်သိချင်တာက မောင်ဘွဲ့ “မြ” အသုံးပါ။

“လေညင်းပျံ့ချို၊ နေညိုညိုဝယ်၊ ဆွေညိုသူရဲ၊ မြခဲနှိုင်းရည်၊ နောင်စစ်သည်ကြောင့်” လို့ဖွဲ့တာလည်း တွေ့ရပါတယ်။

ကိုယ့်မှာက ညွန့်ပေါင်းကျမ်းသုံးတွဲတောင် ဖတ်လို့ကိုမပြီးတာဆိုတော့ အစုစု ရတုပေါင်း ခုနစ်အင်္ဂါကျော် ဆိုတာ ဘယ်သွားရှာရမလဲ။ မြန်မာစာဂျာနယ်ထဲမှာပါတဲ့ ဆရာကြီး(ဦး)ဌေးမောင်တင်ဦးရဲ့ ဆောင်းပါးကလေးမှာ ဖတ်မိတာက နဝဒေးအဖွဲ့တွေထဲ -

“စိတ်ပျံ့မရဲ၊ နောင်မြခဲသည်” လို့ ဖွဲ့တာရှိသတဲ့။

“ရွှေပြည်ရှေ့တွင်၊ နတ်သဘင်ကို၊ ကျိုင်းစင်မြရည်၊ မမီသည်ကြောင့်” လို့ ဖွဲ့တာလည်းရှိသတဲ့။


အဲဒီ မြရည် ရဲ့ အလွှမ်းအမိုးက ရဝေရှင်ထွေးဆီရောက်သွားတော့ သူ့ချစ်သူမောင်ကို မြရည် ဆိုတဲ့ အသုံးကလေးနဲ့ ရင်ခုန်ခဲ့တယ်။ ဘယ်လိုလဲဆိုတော့-

စောလေ။ ။ယနေ့တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့ လာသည်၊ မင်းလျာမြရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ ထိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်းကျီတော်လည်း၊ ရွှေလှော်ဆင်းဝါ၊ ခတီပါတိ၊ နှိုင်းရာမများ၊ မြဘက်ခါးကို၊ များများမဖေါ်၊ တချမ်း ပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန်းထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ ရွှေပေါင်းနံချည်၊ ပန်းမည်မဉ္ဇူ၊ ပန်တော်မူ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက်တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မွက်ရေစ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

မင်းလျာမြရည် မင်းလျာမြရည်

မင်းလျာမြရည် မင်းလျာမြရည်


အန်ချင်းက ဥပရာဇာ ရွှေနားတော်ပေါက် မပေါက်တော့ ကိုယ်လည်း ဘယ်သိပါ့မလဲ။

စစ်ထွက်ရာက စစ်ချီရာက ငယ်ကသက်မှတ် ချစ်ရသူကို သတိရပုံ ငှက်သွင်ပျံကြွမတတ်သော်ဝ် အဖွဲ့မှာလေ။ သူ့ကိုယ်စားပြုအသုံး မြရည်။

“စိမ်းဝါမိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည်
ပျော်ရမည်ကို၊ မြရည်သက်မှတ်
ရောက်ခဲ့လတ်ဟု”

+++

ဩော် — —ဆုံခွင့်မရှိသူနှစ်ဦးကြားထဲက ချစ်သူမောင့်အတွက် ရည်ညွှန်းနာမ်စားလေးတစ်ခု ဖြစ်သွားရလေပြီလား။

သမုဒယမြရည်။

မြတ်နိုးမှုဖြင့်

ကံ့ကော်ကောင်းကင်မြန်မာစာ

၃၁၁၀၂၂


Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်