အရေးသင်ခန်းစာ


စာရေးရာတွင် အစီအစဥ်ကောင်း၏ သဘောလက္ခဏာ ၃ရပ်ကို ဖော်ပြ၍ နှစ်သက်ရာတစ်ခုကို ပုံစံသာဓကနှင့်တကွ ရှင်းပြပါ။ သင်ဟန် ဒါမျိုးကိုတော့ သဘောလက္ခဏာတွေ မကျက်မမှတ်ဘဲ မင်းဆန္ဒအလျောက် ရေးလို့မရဘူး။ #ပုံစံသာဓကနှင့်တကွ ဆိုတာက စာဖြေသူရဲ့ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေး သာဓကကို တောင်းတာလား။ ပြဋ္ဌာန်းထဲမှာဖော်ပြထားတဲ့ သာဓကကို မိတ္တူ ကူးသလို ကျက်ဖြေခိုင်းသလားတော့ ဆရာမဝေခွဲတတ်ဘူး။ စာစစ်ရဲ့ အမှတ်ပေးစည်းမျဥ်းမှာ ပြဋ္ဌာန်းက ဘယ်အချက်ပါရင် ဘယ်နှမှတ် ဆိုပြီး အစဥ်အလာဖြစ်ခဲ့တယ်။ အခုလည်း ကျောင်းသားရဲ့ “အတွေး တတ်မြောက်မှု၊ အရေးတတ်မြောက်မှု” ကို အကဲမဖြတ်ပေးရင်တော့ ကျက်တူရွေးတွေ နောက်လိုက်လောင်းတွေပဲ ဖြစ်ကုန်မယ်။ အရေးအသားအစီအစဥ်ကောင်းရဲ့ သဘောလက္ခဏာတစ်ရပ်ကို မင်းအသုံးချပြီး မင်းကိုယ်တိုင်တွေး ကိုယ်တိုင်ရေးတဲ့ သာဓကဖြစ်အောင် ဆရာသင်မယ်။ ပုံစံခွက်ထဲက ထွက်လာတဲ့ စာမဖြစ်ရဘူး။ မင်းတို့အားလုံး တစ်ဦးစီက တစ်ချိန်ထဲ တစ်ပြိုင်တည်း ထုဆစ်တဲ့ ပန်းပုရုပ်ကိုယ်စီမျိုး။ လက်ရာမတူ အလှမတူ၊ လွတ်လပ်စွာကွဲလွဲဆန်းသစ်တာမျိုးတွေ ဖတ်ချင်တယ်။ စ-သင်မယ်။


စာရေးရာတွင် အစီအစဥ်ကောင်း၏ သဘောလက္ခဏာ ၃ရပ်မှာ

၁။ စည်းလုံးညီညွတ်မှုသဘော 

၂။ အဆက်အစပ်ပြေပြစ်မှုသဘော 

၃။အနေအထားမှန်ကန်မှုသဘော တို့ဖြစ်ပါသည်။ 

[ စည်းစည်းလုံးလုံးညီညွတ်ရန် ဆက်စပ်ပြေပြစ်ပြန် အနေအထားမှာမှန်ကန်သော အစီစဥ်ကောင်းရဲ့သဘော] ဆိုပါဦးဗျ နောက်နှစ်ခေါက်။


စည်းလုံးညီညွတ်မှုသဘော ဆိုတာကိုရှင်းရအောင်။ စာတစ်ပုဒ်မှာ ပါဝင်တဲ့ အချက်အလက်အားလုံးဟာ တပေါင်းတစည်း တညီတညွတ်တည်း စာရဲ့ရည်ရွယ်ချက်ကို ဝိုင်းဝန်းအထောက်အကူပြုနေရမယ်။ ဘာက (အချက်အလက်အားလုံးက) ဘာကို (စာရဲ့ရည်ရွယ်ချက်ကို) ဘယ်လို (တပေါင်းတစည်းတညီတညွတ်တည်း) ဘာလုပ် (အထောက်အကူပြုနေရမယ်) ခဏကလေး။ နောက်က ကျောင်းသား ၅ယောက်ထွက်လာကွာ။ ဟောဒီ ဆရာထိုင်တဲ့ ပလစ်စတစ်ခုံကို အားလုံး ဆွဲမြှောက်ပြလိုက်။ တစ်ယောက်တည်း မြှောက်နိုင်တာ ငါသိပါတယ်။ ငါးယောက်လုံးက တစ်ပြိုင်နက်တည်း ပခုံးလောက်အမြင့်ရောက်အောင် မြှောက်စမ်းပါ။ တစ် နှစ် သုံး။ ရပြီ သွားထိုင်။ ငါ့ခုံ နေရာပြန်ချပေး။ အားလုံးတွေ့တယ်နော် ။ စွေ့ခနဲပဲ။ စာတစ်ပိုဒ်မှာလည်း ဒီသဘောပဲ။ အခု ဆရာ့ထိုင်ခုံကို မင်းတို့အားလုံးတွေ့စေချင်တဲ့ ရည်ရွယ်ချက်။ သူတို့ငါးယောက်က ပေါင်းစည်းညီညွတ်စည်းရုံးနေတဲ့ လက်ဆယ်စုံ။ စာမှာဆိုရင် အချက်အလက်တွေပေါ့။ အားလုံးက ပခုံးနေရာလောက်အမြင့်ရောက်အောင် မြှင့်ပြတော့ ထိုင်ခုံကြီးက ရှင်းခနဲလင်းခနဲ မြင်ရတော့တာပေါ့။ စာမှာလည်း ရည်ရွယ်ချက်ရောက်အောင် အခြားအချက်အားလုံးက ညီညွတ်နေရင် စာဖတ်ပြီး မဝေဝါးတော့ဘူး။ မထွေပြားတော့ဘူး။ ဘာကို ရည်ရွယ်ပြောနေတယ်ဆိုတဲ့ ပင်မသဘော ဟာ ထင်းခနဲ မြင်သာတာပေါ့။ သူတို့ငါးယောက်ဝိုင်းဖွဲ့ ရပ်တည်နေတာ။ လက်ကိုယ်စီက ထိုင်ခုံကိုပုံစံတူကိုင်ထားတာ။ ဆွဲမြှောက်တဲ့ လက်အဆန့်အတန်းက ညီနေတာ။ ဒါလည်း လက္ခဏာတစ်ရပ်ပဲ။ ရေးလိုက် ပါဝင်သောအချက်အလက်အားလုံးက တစည်းတရုံးတည်း ပို့ဆောင်ပေးသောကြောင့် အခြားသဘောအမျိုးမျိုးထွေပြားမနေဘဲ ပင်မသဘောတစ်ခုတည်းကသာ အဓိကဆိုလိုမှုရည်ရွယ်ချက်အဖြစ် ထင်းခနဲ ပေါ်လွင်နေပါမည်။ စာရေးသူ၏ ရပ်တည်သောအနေအထား၊ ထားရှိသောအမြင်နှင့်ခံစားမှု။ စကားအသုံးအနှုန်း၊ လေသံ စသော အင်္ဂါရပ်များသည်လည်း တစ်သမတ်တည်း တညီတညွတ်တည်း ဖြစ်နေပါသည်။ ဤသည်ကို စာရေးသားရာ အစီအစဥ်ကောင်းခြင်း၏ သဘောလက္ခဏာ ၃ ရပ်အနက် စည်းလုံးညီညွတ်မှုသဘော ဟု ခေါ်ပါသည်။


ပါဝင်အချက်လက်အားလုံး ပို့ဆောင်ပေးမှုတစည်းတရုံး သဘောထွေပြားမနေဘဲ ပင်မသဘောတစ်ခုတည်း ဆိုလိုသည့်ရွယ်ရည်ချက် ထင်းခနဲရှင်းရှင်းပေါ်လွင်ထွက် ရပ်တည်တဲ့အနေအထား ထားရှိအမြင်နဲ့ခံစား စကားသုံးနှုန်းနဲ့လေသံ တစ်ညီညွတ်တည်းရှိနေပြန် အစီအစဥ်ကောင်းကောင်းစာရေးသော စည်းလုံးညီညွတ်မှုသဘော

ငါ့အလုပ်ပြီးပြီ။ သာဓက ၂ခုပေးထားတယ်။ ဖတ်လိုက်ကြစို့။ အဲဒါမင်းတို့လုပ်။ — — — — — — — — — — — — — — — — — — — — — — — — — — — — -။ ပြီးပြီလား။ ခဲတံကိုင်။ ဆီလိမ်းတဲ့ အကျိုးအကြောင်းမှာ ၁။”စေတတ်၏” ဆိုတဲ့ ကြိယာထောက် ပုံစံတူတွေမျဥ်းသားပေး။ မှတ်နော်။ ၄ခါလား။ ၂။ ပံ့ပိုးထောက်ကူအဖြစ် အနက်ဆင်ကြိယာနဲ့ပဲ ဝါကျထပ်ထပ်ရေးပုံက စာဟန်သွက်လက်တယ်။ ရှာစမ်း ကြိယာနဲ့၊ နာမ်‌ပေါင်းကြိယာနဲ့တင် ဝါကျပြီးထားတာ။ “ဝစေတတ်၏။” “အားကြီး၏” “ချမ်းသာ၏” “မျက်စိကြည်လင်၏”


အရေးသင်ခန်းစာမို့ အဲဒီလို စည်းလုံးညီညွတ်နေအောင် ကိုယ်တိုင်ရေးကြည့်မယ်။ “မြတ်ဆရာ” ဆိုပါတော့။ ကုန်ကြမ်းအဖြစ် သုစိပုဘာဝိလိသိဓါ ကြားကြံမေးပြောစူးရေးလေ့ကျက် ကို ကိုင်ထား။ ဦးဆောင်ဝါကျတင်။ ရည်ရွယ်ချက်ပါ ပါစေ။ မြတ်ဆရာတို့၏ ကျေးဇူးဂုဏ်သည် စာဖွဲ့မကုန်ဟု ဆိုရမည်။ ဆရာ၏ သင်ပြမှုဖြင့် ကျိုးနွံစွာ ကြားနာတတ်လာသည်။ ပညာဖြင့်ယှဥ်ကာ ကြံစည်တတ်လာသည်။ သိလိုစိတ်ဖြင့် မေးမြန်းတတ်လာသည်။ ချိုသာစွာ ပြောဆိုတတ်လာသည်။ ကြံစည်သည့်အကြောင်းကို စူးစမ်းတတ်လာသည်။ တိကျအောင် ရေးမှတ်တတ်လာသည်။လေ့လာနိုင်ခဲ့သည်။ လိုအပ်သည်ကို ကျက်မှတ်နိုင်ခဲ့သည်။ ဤကံသုံးပါးအပြုအမူ၏ ဖန်တီးရှင်မှာ မြတ်ဆရာများပင်ဖြစ်ပါ၏။


တွေ့လား။ “တတ်လာသည်” “ တတ်လာသည်” တွေ။ အဲဒါမျိုးကွာ။ — — — — သင်ရင်တော့ အများကြီး ပါသွားမှာပေါ့။ တိုးတက်/စည်ပင်/အောင်မြင်/ထွန်းကား/ ကြီးပွား/ချမ်းသာ ပျော်ကြသည်/ မြူးကြသည်/ရွှင်ကြသည်/လန်းကြသည်။ မျက်နှာဖုံး/ မာတိကာ/စာမျက်နှာ/ အလင်္ကာ/ ကျောဖုံး အများကြီး တော့ကီပစ်စရာတွေ။ 


အသက်ရှူမဝပေမဲ့ ပြောချင်တာ ပြောလိုက်ရရင် ရင်ချောင်ပါတယ် 

မရဏံ မေ ဘဝိဿတိ 

ကံ့ကော်ကောင်းကင်မြန်မာစာ ၀၅၀၄၂၃

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်