ပစ်/ ပြစ်

မြေးမက ပညာဖြင့်အသက်မွေးသူအကြောင်း ဖြေလာတာက “အပြစ်ရှိသော မကောင်းသော အလုပ်အကြံ၊ အပြစ်ရှိသော ဆေးဝါးမန္တန်အတတ်တို့ကို ကြဥ်၍” ရေးသမျှ အပြစ် ဆိုတဲ့ နာမ်ကို အပစ် လို့ချည်း သတ်ပုံမှားရေးလာတယ်။ မနေနိုင်တော့ ပြောရပြန်ပြီ။ #အနက်ပြတဲ့ဗျည်းတွေမှာ #ပင့်ရောရစ်ရောစသတ်မှာ #ပစောက်တစ်လုံးသာ။ #ကြိယာဆိုဗျည်းချည်းပဲ #နာမ်နဲ့ကြိဝိပင့်ရစ်တွဲ ပြန်လုပ်ပေးရပါလေရောလား။

ပစ်/ပျစ်/ပြစ် — — — — — — — — — အမေက နွားနို့ကို ပျစ်ပျစ် ကလေးကျိုထားပေးတာ။ အိပ်ရာထနောက်ကျတဲ့ အပြစ် ကြောင့် နွားနို့တွေ ချဥ်သွားလို့ ပစ် လိုက်ရတယ်ဟယ်။ — — — ငါက သုံးဆို ပစ် နိုင်ပြီလို့ အော်ရင် မင်းတို့က သက်ကယ် ပျစ် တွေ အကာအကွယ်ယူပြီး ပစ်ကြ။ မလုပ်တဲ့ကောင် ပြစ်ဒဏ် ပေးမယ်။ — — — — ပစ်/ပျစ်/ပြစ်တွေကို အသံတူပဲ ဖတ်လိုက်မိကြတာပါပဲ။ စ-သတ်မှာ ယပင့်ရော ရရစ်ရော ဗျည်း‌ရော တွဲသုံးတဲ့ အက္ခရာဟာ ဗျည်း ၃၃ လုံးမှာ ပစောက် တစ်လုံးပဲ အခွင့်အရေး ရှိပါသေးတယ်။ အသံပြတွေ ဗန်းစကားတွေ လူအမည်တွေမှာတော့ အနည်းအပါးရှိမှာပါ။ အဘိဓာန်တည်ပုဒ်အရ ဗျည်း/ပင့်တွဲ/ ရစ်တွဲ ဟာ ပစောက်တစ်လုံးပဲ ရှိပါတယ်။ ကျန်တာတွေ ရေးထုံးစုံအောင် မရှိပါ။ တွေးကြည့်ပါ။ ကျစ် သာရှိတယ် ကစ်/ကြစ် မရှိ။ ချစ်/ခြစ် သာရှိတယ် ခစ် မရှိ။ ဂ၊ဃ၊င မှာ သုံးမျိုးလုံးမရှိ။ စစ် သာရှိမယ်၊ စျစ် စြစ် မရှိ။ ဒီသဘောကို အ ဗျည်းအထိ တွေးယူကြည့်ပါ။ — — — — ကစ်ကစ်က ကျစ်ကျစ်လေးနဲ့ သန်တယ်။ ချစ်ချစ်က ခဲတံနဲ့ ခြစ်ပြီး တခစ်ခစ် ရယ်နေတယ်။ ဘောင်းဘီက ဖစ်ဆိုဒ် ဖြစ်နေတော့ ထိုင်လိုက်ရင် ဖျစ်ဖျစ်မြည်ပြီး ချုပ်ရိုးပြုတ်ရော။ ကစ်ကစ် ခစ်ခစ် ဖျစ်ဖျစ် ဖစ် တွေဟာ အမည် /ဗန်းစကား/ မြည်သံတွေမျှပါ။ အနက်မပေါ်ပါဘူး။ သို့သော် ကစ်/ကျစ်။ ခစ်/ချစ်ခြစ်/ ဖစ်/ဖျစ်ဖြစ် တွေမှာ ဖတ်လိုက်တဲ့ နှုတ်သံဟာ အသံမတူ ထုတ်ဖတ်တာပါ။ ဗျည်း၊ ပင့်တွဲ၊ ရစ်တွဲ သုံးခွင့်ရတဲ့ ပစ်/ပျစ်/ပြစ် ကျတော့ အသံတူထွက်လာကြခြင်းဟာ အရွတ်လွယ်ဖို့ အခွင့်အရေးပေးတာပဲ ထင်ပါတယ်။ မရ ရသကချိုင် ဆိုတဲ့ ပေါရိသာဒ သုတသောမဇာတ်က စကားမှာ ရသက (စားဖိုသည်)ဟာ “ရ”နှစ်လုံးဆက်ဆိုနေရတော့ မရ ဒသက ချိုင် ဆိုပြီး ရွတ်လွယ်ရာ ရွေ့သွားတာမျိုး ဖြစ်မယ်ထင်ရဲ့။ စစ်ကားရုပ်ရှင်ရိုက်လို့ စစ်ဗိုလ်မင်းသားက “ပစ်” ဆိုတာကို ကစ် လို ခစ် လို အသံမျိုးနဲ့ အော်ဟန် လုပ်ကြည့်လိုက်ပါ။ အသံထွက်ပြီးရင် ကိုယ့်ဘာသာကိုယ် ရယ်ချင်မိပါလိမ့်မယ်။ ဆရာကြီး ဒဂုန် ဦးစန်းငွေက နိဿယရေးတုန်း မန်လည်ဘုန်း ရေးထုံးမည်သို့ ညှိသနည်း ဆိုတဲ့ကဏ္ဍမှာ ပ-စသတ် သုံးမျိုးကို ခွဲပြတော့ ခေတ်ဆရာလေးတွေက- “ကြိယာဆို ဗျည်းအတိုင်းပဲ နာမ်ဆိုမှ ပင့်ရစ်တွဲ” လို့ သင်ကြတာမျိုး သိကြမှာပါ။ ဓားပစ်၊ လှံပစ်၊ လေးပစ်၊ အမြောက်ပစ်၊ သေနတ်ပစ်၊ စွန့်ပစ်၊ ပစ်ခတ်၊ လွှင့်ပစ်၊ ပစ်ပယ်၊ပစ်ချ ကြိယာတွေဆို ပင့်ရစ်မပါ၊ ပစောက်သက်သက်ပေါ့။ ကွပ်ပျစ်၊ နှမ်းပျစ်၊သက်ကယ်ပျစ်၊ ဓနိပျစ် နာမ်တွေ၊ ကပျစ်ကညစ်၊ထူလပျစ်၊ပျစ်ထူကြီး ဆိုတဲ့ ကြိဝိတွေ ပစောက်-ယပင့်တွဲရေး။ နာမ်အနက် ပြစ်မှု ပြစ်ဒဏ် အပြစ်သား၊ ပြစ်ချက် တွေနဲ့ ချွဲချွဲပြစ်ပြစ် ပြေပြေပြစ်ပြစ် ကြိဝိတွေ ပ-စောက် ရရစ်တွဲရေး။ သိပ်အလေးမထားတော့ပါဘူး။ အင်းဗျာ ပစ်ချင်သလို ပစ်တော့ အပြစ်တွေ ဖြစ်လို့။

မြတ်နိုးမှုဖြင့်

ကံ့ကော်ကောင်းကင်မြန်မာစာ ၂၁၁၂၂၀

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်