ဘာဖြစ်လို့ မရေးခိုင်းရဲရမှာလဲလေ (၁၀)

 “ တရားအပေါင်းကိုချုပ်သည်ကား သတိ။ စကားအပေါင်းကို ချုပ်သည်ကား ကတိ။ “ ကျည်းကန်ရှင်ကြီး မေတ္တာစာပါ စာသားဖြစ်ပါမယ်။ ကတိမဟုတ်ပေမဲ့ ဆယ်ပုဒ် ရေးပေးမယ်ဆိုတဲ့စကားလေးအတွက် တာဝန်ယူလိုက်ချင်ပါတယ်။ ကိုယ် ဘာတွေပေးလှူလို့ သူ ဘာတွေ တွေးယူသွားနိုင်သလဲ ပြန်စစ်ကြည့်တော့ သဒ္ဒါနဲ့နှိပ်စက်ကလူမပြုဘဲ မိတ်ဖက်အယူပြု ကြဖို့ သဒ္ဒါတွေးမြင် စာရေးချင်အောင် လှုံ့တဲ့ အပိုင်းလေးတွေလည်း ပါသွားပါတယ်။ ‌ရေးချင်စိတ်ဖြစ်လာအောင် သိမ်းသွင်းမှု၊ အတန်းတွင်းသင်ဟန်၊ စကားလုံးစုဆောင်းတတ်ဖို့၊ အတွေး၊ အလေးကဲသင့်တဲ့ စာရေးဟန်၊ ပျင်းရိမှုမဖြစ်စေဘဲ စာတစ်ပိုဒ် ၅ကြောင်း ၆ကြောင်းက စ-လို့ လျော်ညီမဲ့ ဝါကျစီစဥ်မှုအတွေး၊ ပြဋ္ဌာန်းစာအလှ မပစ်ပယ်ဘဲ လက်တွေ့သုံးစွဲနိုင်ဖို့ အားထုတ်တဲ့ အလေ့ စ-တာတွေကို ခပ်ပါးပါးပေးခဲ့တာပါ။ ပြောခဲ့တဲ့ အပိုင်းတွေက

၁။ စကားပရိယာယ်များဖြင့်ဝေါဟာရကြွယ်ဝစေခြင်း။

၂။ ကြိယာထောက်အသုံးချမှုဖြင့်ချဲ့ထွင်ရေးသားနိုင်စွမ်းကိုအစပျိုးခြင်း။

၃။ အနက်နှီးနွယ်ကြိယာပုဒ်များဖြင့်ထောက်ကူဝါကျဆင့်ပွားခြင်း။

၄။ ကျက်မှတ်သည့်ခက်ဆစ်ကိုအသုံးချရေးသားစေခြင်း။

၅။ စာရေးနည်းလေးမျိုးကိုရှင်းပြခြင်း။

၆။ ပြဋ္ဌာန်းသင်ခန်းစာများပါစာသားများကိုအသုံးပြုပြီးစီကုံးရေးဖွဲ့ခြင်း။

၇။ သဒ္ဒါတွေးရင်းစာရေးခြင်း။

၈။ အသုံးပြစကားများရှင်းပြရာမှအရေးအတွေးကျင့်ခြင်း

၉။ ဓလေ့သုံးဥပစာဆိုရိုးများကိုအသုံးပြုရေးသားစေခြင်း ဆိုတာတွေပါပဲ။

အခု ဆယ်ပုဒ်မြောက် ဆွေးနွေးချက်အဖြစ် ၁၀။ ဦးဆောင်ဝါကျကိုပံ့ပိုးထောက်ကူနောက်လိုက်ဝါကျများဖြင့်ချိတ်ဆက်ခြင်း ဆိုတာကို ဆွေးနွေးကြပါစို့ ခင်ဗျာ။

သင်ဟန်

နှုတ်နဲ့ပြောတော့ စကားတစ်ခွန်း။ လက်နဲ့ရေးတော့ ဝါကျတစ်ကြောင်း။ ဝါကျဆိုတာ မျက်စိနဲ့ မြင်နိုင်တဲ့စကားသံတွေ။ ဘာအကြောင်းကို ပြောမှာလဲ။ အဓိက အကြောင်းက ဦးဆောင်စကားတစ်ခွန်း။ အဲဒီစကားကို ချိတ်ဆက်ပြီး အဲဒီအကြောင်းပြီးသွားအောင် နောက်ကဆက်ပြောကြတာတွေက ပံ့ပိုးစကား ထောက်ကူစကား နောက်လိုက်စကား တွေပေါ့။

++ နေပါဦး။” ခိုင်မာသင်း ကျောင်းပျက်တာလား။” “မနေ့ကတည်းက မလာဘူးဆရာ” “သမီးဖုန်းဆက်မေးတော့ သူ့အမေ နေမကောင်းလို့တဲ့။ ခွင့်တိုင်ပေးပါ တဲ့” “သူက အဖေမရှိဘူးဆရာ။ သူ ငယ်ငယ်တည်းက သေသွားတာ” “ သားအမိနှစ်ယောက်တည်းလား။ ဘာလုပ်စားလဲ။” “ခိုင်မာသင်းတို့အမေက ခေါက်မုန့်နဲ့ ဆီထမင်း ရောင်းတယ်ဆရာ။” “သူ့အိမ်သိတဲ့သူနဲ့ လိုက်အားပေးချင်တဲ့သူတွေ ကျောင်းဆင်းရင် ဆရာနဲ့ သွားကြရအောင်” +++

ကဲ စောစောက သင်နေတာ ဆက်ရအောင်။ ဦးဆောင်ဝါကျ နဲ့ နောက်လိုက်ဝါကျ ဘာဝါကျတွေ၊ ( ဦးဆောင်ဝါကျ နဲ့ နောက်လိုက်ဝါကျ) စောစောက ပြောတဲ့ စကားစုမှာ အဓိကအကြောင်းက ခိုင်မာသင်းကျောင်းပျက်တာ။ ဆက်ပြောတာတွေက ပံ့ပိုး ထောက်ကူ နောက်လိုက်စကားတွေ။ ဒါကို စာပိုဒ်ကလေးတစ်ခု လုပ်ရေးကြည့်ရအောင်။

ခိုင်မာသင်း ကျောင်းမတက်နိုင်ချေ။ ကျောင်းပျက်ခြင်းကို စုံစမ်းကြည့်မိပါသည်။ သူ၏ မေမေ အတော်နေမကောင်း ဖြစ်နေ၍ဟု သိရသည်။ သူက ကျွန်မတို့ကို အတန်းပိုင်ဆရာမထံ ခွင့်ပန်ကြားပေးဖို့ အကူအညီတောင်းသည်။ ခိုင်မာသင်းသည် ငယ်စဥ်ကပင် ဖခင်ကွယ်လွန်သွားရှာသော ဖတဆိုးသမီးဖြစ်သည်။ မိခင်ကလည်း ရပ်ကွက်ထဲ၌ ခေါက်မုန့်နှင့် ဆီထမင်းကလေး ရောင်းကာ အသက်မွေးကြရရှာသည်။ သားအမိနှစ်ဦးတည်းဆိုသော်လည်း ခက်ခဲပင်ပန်းသည်။ မပြေလည်ကြ။ မြန်မာစာဆရာနှင့်အတူ ကျွန်မတို့သူငယ်ချင်းတစ်စု တတ်နိုင်သရွေ့သွားကူညီကာ အားပေးကြမည်။

ကဲ စာပိုဒ်ကလေးဖြစ်သွားပြီ။ ဦးဆောင်ဝါကျ ကျောင်းမတက်နိုင်တဲ့အကြောင်းကို နောက်လိုက်ဝါကျတွေနဲ့ အဆက်အစပ်မိမိ ချိတ်လိုက်တာ။ “ကောင်းမှုတစ်ခု နေ့စဥ်ပြု” လို “အချစ်ဆုံးသူငယ်ချင်း” လိုစာစီစာကုံးမှာ အသုံးတည့်ရင် ဆွဲသုံးလို့ ရသွားတယ် တွေ့လား။ ပထမဝါကျက ကျောင်းမတက်နိုင်ချေ ဆိုတာကို ဒုတိယဝါကျက ကျောင်းပျက်ခြင်းကိုစုံစမ်းကြည့် ဆိုတာနဲ့ ချိတ်လိုက်တယ်။ ဒုတိယဝါကျက စုံစမ်းကြည့် ကို တတိယဝါကျက သူ၏ မေမေ အတော်နေမကောင်း ဖြစ် ဆိုတာနဲ့ ချိတ်လိုက်တယ်။ နားလည်ပြီနော်။ ဒါဆို စာစီစာကုံးမှာ ပုံကြမ်းနှင့်အညီ ဆိုတော့ ပေးထားတဲ့ ပုံကြမ်းဟာ ဦးဆောင်ဝါကျပဲပေါ့။ နောက်လိုက်ဝါကျက မင်းအတွေ့နဲ့ မင်းအတွေး။ ရေးတာက- ပရိယာယ်စကားတွေ၊ ကျက်သိခက်ဆစ်၊ အလင်္ကာ၊ ပြဋ္ဌာန်းစာအလှ၊ ဥပစာ ဆိုရိုးစကားပုံ စ-တာတွေနဲ့ လက်စွမ်းပြရမှာ။ ဒါတွေကို ကုန်ကြမ်းလုပ်တော့ ပုံကြမ်းအတွင်းကုန်ကြမ်းသွင်း ရေးမှာလေ။ သင်ပုန်းကိုကြည့်။ စာမေးပွဲမေးခွန်း — မိတ်ဆွေစစ် စာကိုယ်ပုံကြမ်း — မိတ်ဆွေစစ်ရရန်ခဲယဉ်းကြောင်း မရေးခင် အာရုံသစ်အောင် သင်ထားတာ နည်းနည်းပြန်အော်။ အခက်အခဲကျော် (လက်တွဲဖော်) အခက်အခဲရှုပ် (လက်တွဲဖြုတ်) ဝါကျတိုသုံးနော်။

မိတ်ဆွေစစ် မိတ်ဆွေစစ်ရရန် ခဲယဉ်းပါသည်။ ရလိုပါက တရင်းတနှီး ဖြစ်အောင် မေတ္တာ စေတနာအမှန်ကို ရင်းနှီးရမည်။ ရင်းနှီးမှုရင့်သန်အောင် သံယောဇဥ်ကို အရင်းအနှီး ပြုရလိမ့်မည်။ ‌တွေ့ထိ ကြုံဆုံ ပြောဆို ဆက်ဆံကြရင်း အနစ်နာခံကြရမည်။ မိသားစုဆန်စွာ ပြောဆိုရမည်။ စိတ်ရင်းစေတနာကို ပြသနိုင်ရမည်။ သုခ ဒုက္ခကို နွေးထွေးစွာ မျှဝေခံစားရပါမည်။

သို့မှလည်း မိတ်ကောင်းဆွေမွန် ဖြစ်ကြလိမ့်မည်။ အရင်းအနှီးလည်းကြီးသလို အစစ်အမှန်ရရန်လည်း ခဲယဉ်းသည်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်၊ မရှိအတူ ရှိအတူ၊ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံသူသာ မိတ်ဆွေစစ်ဖြစ်လိမ့်မည်။ သာပေါင်းညာစား၊ ကိုယ်ပေါင်းစိတ်ခွာ မေးထူးခေါ်ပြော ရလိုမှုနှင့်ပေါင်းသူသည် မိတ်ဆွေကောင်းမဟုတ်။ မိတ်ဆွေကောင်းတို့က အခက်အခဲရှုပ်ချိန်တွင်လည်း ဘယ်အချိန်တွင်မှ လက်တွဲမဖြုတ်။ အခက်အခဲအတူကျော် လက်တွဲကူဖော်မိတ်ဆွေကောင်းသည် ဘဝအတွက် အနဂ္ဃရတနာပင်ဖြစ်ပါသည်။

++ ပြန်သုံးသပ်ရအောင်။ ပုံကြမ်းကို ဦးဆောင်ဝါကျ လုပ်လိုက်နိုင်တယ်။ တရင်းတနှီး၊ ရင်းနှီး၊ ရင်းနှီးမှု၊ အရင်းအနှီးပြု သံတူကြောင်းကွဲ ပရိယာယ်စကားလုံးတွေနဲ့ ကစားနိုင်တယ်။ အကျိုးအတွက်အကြောင်းကိုပြရေး ကြောင်းကျိုးပြအလေးကဲတာ ပေါ်လွင်မယ်။ ခဲယဉ်းကြောင်း ထပ်ဆင့်ပြနောက်လိုက်ဝါကျ ထည့်နိုင်တယ်။ ဆိုး/ကောင်း တိုင်ပင်၊ မရှိ/ရှိ အတူ သာပေါင်းညာစား မေးထူးခေါ်ပြော ကိုယ်ပေါင်းစိတ်ခွာ ဓလေ့သုံးစကားတွေနဲ့ တည်ဆောက်နိုင်တယ်။ နဘေထပ်ဂုဏ် ဩဇဂုဏ်နဲ့ တွဲ ဖန်တီးမယ်။ အနဂ္ဃရတနာ ဆိုတဲ့ခက်ဆစ်မျိုး ပြန်အသုံးချတယ်။ ++++ ပြီးပါပြီ။ ဆယ်ပုဒ် ရေး ဆွေးနွေးပြတာတွေက ပညာရှင်အဆင့်အတွက် မဟုတ်ပါ။ ကိုယ့်ထက်ငယ်သူ လိုအပ်သူများအတွက်သာပါ။ ပြောသမျှထဲက သဘောမကျတာရှိ လွန်တာရှိရင်လည်း အစဥ်ထာဝရ ဝန္ဒာမိပါကြောင်းနဲ့ စကားရွေ့လှန် မှားမေ့ကျန်လို့ မမှန်ယွင်းချော် ရှိခဲ့သော် သူတော်တကာ သည်းခံပါလို့ သံသာဖျောင်းဖျ တောင်းပန်လို့ခရင်း စာအလှူ ပွဲရပ် ဗျောထပ်ထပ် တီးပါ၏။ အလိုဆန္ဒ ပြည့်ဝကြပါစေသောဝ်။

စေတနာ အာသီသ ဂါရဝဖြင့်

ကိုရင်သန့် ၂၄၀၁၂၂

Comments

Popular posts from this blog

မပန်ရလည်းမပန်ချင်

တစ်ပါဒချင်း သင်ကြည့်ပါလား

ပေါ်နွေလလျှင်